သင်္ကြန်အကြိုနေ့တွင် နေပြည်တော်လမ်းလျှောက်သင်္ကြန် လာရောက်လည်ပတ်ကြသူများဖြင့် စည်ကား
နေပြည်တော် ဧပြီ ၁၃
ယခုနှစ် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ မဟာင်္ကြန်ပွဲတော်ကို သာမန်ပွဲတော်တစ်ခုထက်ပို၍ နိုင်ငံတော် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများအားလုံး ပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေး အခင်းအကျင်းသစ်များဖြင့် အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်၊ အနှစ်သာရရှိသည့် မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်စေရန် ရည်ရွယ်ကျင်းပရာ ယနေ့သင်္ကြန် အကြိုနေ့တွင် နေပြည်တောရင်ပြင်၌ ကျင်းပသည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာ သနပ်ခါးနှင့် လက်ဖက်ပွဲတော်မဏ္ဍပ်၊ ထမနဲ မဏ္ဍပ်၊ ဝန်ကြီးဌာနအလိုက် သင်္ကြန်မဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ ဖျော်ဖြေ ရေးမဏ္ဍပ်များ ပါဝင်သည့်အပြင် ရေကစားမဏ္ဍပ်များ၌ နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များ၊ ဘယ်လာရုစ်နိုင်ငံမှ အနုပညာရှင်များက DJ, Music Band များနှင့် တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကပြ ဖျော်ဖြေပေးကြသည်။
ထိုသို့ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို နေပြည်တော်လမ်းလျှောက် သင်္ကြန်သို့ လာရောက်လည်ပတ်ရေကစားကြသည့် ဝန်ထမ်းများ၊ ပြည်သူများက လိုက်ပါသီဆို ကခုန်ကြရင်း သင်္ကြန်အကြိုနေ့ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသည်။
အလားတူ ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်များနှင့် စတုဒိသာ မဏ္ဍပ်တို့၌ နေပြည်တော် လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်ကြသူများကို မြန်မာ့ရိုးရာ အစားအစာများဖြင့် ဧည့်ခံကျွေးမွေးကြရာ လာရောက် စားသုံးကြသူများဖြင့် စည်ကားခဲ့သည်။
မဟာသင်္ကြန်ရက်များအတွင်း နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေ တင်ဆက်မှုများနှင့် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ပြည်သူအကြိုက် တေးသီချင်းများဖြင့် ရက်အလိုက်သီဆို ဖျော်ဖြေသွားကြမည်ဖြစ်ပြီး နေပြည်တော် လမ်းလျှောက် သင်္ကြန်သို့ လာရောက်လည်ပတ်ကြမည့် ပြည်သူများအား ရွှေသံလွင်မိသားစုက စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့သင်္ကြန်အကြိုနေ့တွင် နေပြည်တော်ရှိ အများပြည်သူများ အနားယူအပန်းဖြေနိုင်သည့် နေပြည်တော် ရေပန်းဥယျာဉ်၊ နေပြည်တော်တိရစ္ဆာန် ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် အမျိုးသားအထိမ်း အမှတ်ဥယျာဉ် စသည့်နေရာများတွင် လည်ပတ် အနားယူအပန်းဖြေကြသည့် ပြည်သူများဖြင့် စည်ကား ခဲ့သည့်အပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ သံဝေဇနိယလေးဌာန၊ ဓာတုဇယဓာတ်ပေါင်းစု စေတီတော်၊ ရန်အောင်မြင်ရွှေလက်လှစေတီတော် စသည့်ဘုရားစေတီများ၌လည်း ကုသိုလ် ပြုသူများဖြင့် စည်ကားခဲ့သည်။
မင်းကျော်စွာ
ဓာတ်ပုံ-ကျော်ကြီး၊ ဖိုးပြည့်စုံ
MDN

,