အီရန်-အမေရိကန် ဆွေးနွေးပွဲများ ပျက်ပြားသွားပါက လက်ဘနွန် အပစ်အခတ်ရပ်စဲရေးမှာလည်း အန္တရာယ်ရှိနိုင်ကြောင်း လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြား
အမေရိကန်နှင့် အီရန်တို့အကြား ညှိနှိုင်းမှုများပျက်ပြားသွားပါက လက်ဘနွန် နိုင်ငံ၏ မရေရာသော အပစ်အခတ်ရပ်စဲရေးမှာ အန္တရာယ်ရှိလာနိုင်ကြောင်း Eurasia Group မှ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ Firas Maksad က သတိပေးပြောကြား လိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိအားပေးမှုကြောင့် အစ္စရေးနှင့် လက်ဘနွန်တို့သည် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ သို့သော် လက်ဘနွန်အရေးသည် အမေရိကန်နှင့် အီရန်တို့ အကြား ပိုမိုကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ အစိတ်အပိုင်း ဖြစ်၊ မဖြစ် ဆိုသည့်အချက်အပေါ် အငြင်းပွားမှုများ ရှိခဲ့သည်။
အီရန်နှင့်လက်ဘနွန်တို့က ယင်းသည် သဘောတူညီချက်၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုကြသော်လည်း အမေရိကန်နှင့် အစ္စရေးတို့ကမူ မဟုတ်ကြောင်း ငြင်းဆိုထားကြသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှစ်ခုစလုံးသည် "သီးခြားစီ ဖြစ်သော်လည်း အပြိုင်သွားနေကြခြင်းဖြစ်သည်" ဟု Maksad က ဆိုသည်။
၎င်းက CNN ၏ Connect the World အစီအစဉ်တွင် ပြောကြားရာ၌ "သဘောတူညီချက်တစ်ခုတွင် တိုးတက်မှုမရှိခြင်းက ကျန်တစ်ခုကိုပါ အဟန့်အတား ဖြစ်စေလိမ့်မည်မှာ အသေအချာပင်ဖြစ်သည်။ အကယ်၍ အစ္စလာမ္မာဘတ်တွင် ပြုလုပ်နေသော ဆွေးနွေးပွဲများ ပျက်ပြားသွားပါက လက်ရှိတွင် နုနယ်သေးသော လက်ဘနွန်အပစ်ရပ်စဲရေးသည် ပို၍ပင် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်သွားလိမ့်မည်ဟု မိမိမျှော်လင့် ထားသည်" ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ပဋိပက္ခကို ပြန်လည်စတင်ရန် အလိုရှိနေသည်ဟု ယုံကြည်နေကြောင်းလည်း Maksad က ဆိုသည်။
"လက်ဘနွန်မှာ လုံလောက်တဲ့ အောင်မြင်မှုမရသေးဘူးလို့ ယူဆနေကြတဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေဆီကနေ နေတန်ယာဟုဟာ ဖိအားတွေအများကြီး ရင်ဆိုင်နေရပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: NBC News
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
