အိန္ဒိယနှင့် ရုရှားအကြား အပြန်အလှန်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဖလှယ်မှုသဘောတူစာချုပ်

News Image

  • အိန္ဒိယနှင့် ရုရှားအကြား အပြန်အလှန်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဖလှယ်မှုသဘောတူစာချုပ်

အိန္ဒိယအား ရုရှားနိုင်ငံနှင့် ပိုမိုနီးကပ်လာစေပြီး ရုရှားကိုလည်း အိန္ဒိယသမုဒ္ဒရာဒေသအတွင်းသို့သာမက အရှေ့တောင်အာရှဒေသသို့ပါ ဝင်ရောက်လာနိုင်စေရန် လမ်းဖွင့်ပေးနိုင်ခဲ့သည့် အပြန်အလှန်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဖလှယ်မှုသဘောတူစာချုပ်၏ အသေးစိတ်အချက်အလက်များကို ရုရှားနိုင်ငံက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် ကာလရှည်ကြာ စောင့်မျှော်နေခဲ့ရသော သဘောတူညီချက်တစ်ရပ်ဖြစ်ပြီး ၎င်းအရ နှစ်နိုင်ငံစလုံးအနေဖြင့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေစဉ်အတွင်းတွင်ပင် တစ်နိုင်ငံ၏ ပိုင်နက်အတွင်းသို့ အခြားတစ်နိုင်ငံက ၎င်းတို့၏ တပ်ဖွဲ့ဝင်များ၊ စစ်သင်္ဘောများနှင့် စစ်လေယာဉ်များကို စေလွှတ်ခွင့်ပြုထားခြင်းဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ အမေရိကန်ပြည်ထောင်စုက ပါကစ္စတန်နိုင်ငံဘက်သို့ ပိုမိုယိမ်းယိုင်လာနေချိန်တွင် ရုရှားနှင့် အိန္ဒိယနိုင်ငံတို့အကြား ချုပ်ဆိုထားသော အပြန်အလှန်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဖလှယ်မှုသဘောတူညီချက်သည် ယခုအခါ ပိုမိုအရှိန်အဟုန်ကောင်းမွန်လာခြင်းဖြစ်သည်။

အဆိုပါ သဘောတူစာချုပ်သည် နှစ်နိုင်ငံအကြား စစ်ဘက်ရေးရာပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေသည့်အပြင် အိန္ဒိယနိုင်ငံအတွက် ဗလာဒီဗော့စတော့မြို့မှ မာမန့်စ်အထိ မြောက်ပိုင်းပင်လယ်ရေကြောင်းလမ်းတစ်လျှောက်ရှိ ဆိပ်ကမ်းများကို အသုံးပြုခွင့်ရရှိစေမည့် အရေးပါသော အခွင့်အလမ်းကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်။

အပြန်အလှန်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဖလှယ်မှုသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံထိပ်သီးအစည်းအဝေးများတွင် ပုံမှန် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းစာချုပ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု သတင်းထွက်ပေါ်ခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် အသုံးအနှုန်းကွဲလွဲမှုများကြောင့် ကြန့်ကြာခဲ့ရသည်။

ထို့ပြင် ယူကရိန်းလက်နက်ကိုင်ပဋိပက္ခ စတင်ခဲ့ခြင်းကြောင့်လည်း ရုရှားနှင့် အိန္ဒိယတို့အကြား ညှိနှိုင်းမှုများမှာ ပိုမိုရှည်ကြာခဲ့သည်။

သို့သော်လည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အဆိုပါ သဘောတူညီချက်ကို ရုရှားနိုင်ငံ မော်စကိုမြို့၌ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ရုရှားနိုင်ငံက ၎င်းသဘောတူညီချက်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုခဲ့ပြီး သမ္မတ ဗလာဒီမာပူတင်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီး ၎င်းသည် အိန္ဒိယနိုင်ငံ၏ ပြတ်သားမှု၊ ရုရှားနိုင်ငံ၏ ဇွဲလုံ့လရှိမှုနှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း ပိုမိုရှုပ်ထွေးလာသော အင်အားချိန်ခွင်လျှာဆီသို့ ဦးတည်ရွေ့လျားမှုကို ထင်ဟပ်စေခဲ့သည်ဟု ဆိုနိုင်သည်။

အပြန်အလှန်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဖလှယ်မှုသဘောတူစာချုပ်၏ ပဋိညာဉ်အရ ရုရှားနှင့် အိန္ဒိယနှစ်နိုင်ငံစလုံးသည် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီများအတွက် တစ်နိုင်ငံ၏ စစ်အခြေစိုက်စခန်းများ၊ ဆိပ်ကမ်းများနှင့် လေယာဉ်ကွင်းများကို အခြားတစ်နိုင်ငံက အသုံးပြုနိုင်ရန် ခွင့်ပြုပေးထားသည်။

ထို့ကြောင့် အဆိုပါ ပဋိညာဉ်သည် ငြိမ်းချမ်းသည့်ကာလနှင့် စစ်မက်ဖြစ်ပွားသည့် ကာလနှစ်ခုစလုံးတွင် စစ်သင်္ဘောများနှင့် လေယာဉ်များအတွက် လောင်စာဆီဖြည့်တင်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရိက္ခာထောက်ပံ့ခြင်းတို့ကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။

လတ်တလော ထုတ်ပြန်ချက်များအရ အဆိုပါ သဘောတူညီချက်အရ တစ်နိုင်ငံ၏ နယ်မြေအတွင်းသို့ အခြားတစ်နိုင်ငံက တပ်ဖွဲ့ဝင် ၃၀၀၀ အထိ၊ စစ်သင်္ဘော ငါးစင်းနှင့် လေယာဉ် ၁၀ စင်းအထိ တစ်ပြိုင်နက်တည်း တပ်ဖြန့်ထားနိုင်မည်ဖြစ်သည်။

ထို့ပြင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေစဉ်အတွင်း ထောက်ပံ့ပို့ဆောင်ရေးနှင့် အဆောက်အအုံများ အသုံးပြုနိုင်ရေးအတွက်လည်း ယခုသဘောတူညီချက်သည် အလွန်အသုံးဝင်လာစေမည်ဖြစ်သည်။

သဘောတူညီချက်တွင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီများအပြင် တည်းခိုနေထိုင်ရေး၊ ဆေးကုသမှု၊ သယ်ယူပို့ဆောင်ရေး၊ ရိက္ခာ၊ ရေ၊ လျှပ်စစ်၊ ပြုပြင်ထိန်းသိမ်းမှု၊ လေကြောင်းထိန်းချုပ်မှု၊ လမ်းကြောင်းပြထောက်ကူမှု၊ လေယာဉ်ရပ်နားမှုနှင့် လေယာဉ်များအတွက် မြေပြင်ဝန်ဆောင်မှုများလည်း ပါဝင်မည်ဖြစ်သည်။

ထို့အတူ သဘောတူညီချက်အရ ကုန်ကျစရိတ်များကို ပေးချေရာတွင် ငွေသားဖြင့်ပေးချေမည့်အစား ပစ္စည်းချင်း ဖလှယ်သည့် ဘာတာစနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။

အပြန်အလှန်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဖလှယ်မှုသဘောတူစာချုပ်သည် ရုရှားနှင့် အိန္ဒိယနှစ်နိုင်ငံတပ်မတော်များအကြား အပြန်အလှန်လေ့ကျင့်သင်ကြားမှုများကို အထောက်အကူပြုစေမည်ဖြစ်သည်။ ထို့အတူ နှစ်နိုင်ငံ၏ အကျိုးစီးပွားရှိရာ နယ်မြေများအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို များစွာလွယ်ကူချောမွေ့စေမည်ဖြစ်ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း အပြန်အလှန် ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့် အပြန်အလှန်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဖလှယ်မှုသဘောတူစာချုပ်သည် လက်တွေ့ကျသော မဟာဗျူဟာမြောက်ရလဒ်များနှင့်အတူ အိန္ဒိယနိုင်ငံအား ကမ္ဘာ့အင်အားကြီး ရုရှားနိုင်ငံနှင့် ပိုမိုနီးကပ်လာစေရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည့်အပြင် ရုရှားနိုင်ငံအတွက်လည်း အိန္ဒိယသမုဒ္ဒရာဒေသအတွင်းသို့သာမက အရှေ့တောင်အာရှဒေသအတွင်းသို့ပါ ဝင်ရောက်လာနိုင်စေရန် လမ်းဖွင့်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

Ref: RT

MWD