အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းပဋိပက္ခများ အနောက်နိုင်ငံများ၏ လက်ချက်ဖြင့် စတင်ခဲ့ဟု ရုရှား ပြောကြား
အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းနိုင်ငံတို့ရှိ ပဋိပက္ခများသည် အနောက်နိုင်ငံများ၏ လက်ချက်ဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့က ဧပြီလ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် နှစ်ပေါင်းများစွာကြာ ပဋိပက္ခကြီးများ ဖြစ်ပွားနေခဲ့ကြောင်း၊ အဆိုပါ ပဋိပက္ခများအနက် အတော်များများသည် အနောက်ဥရောပနှင့် အနောက်နိုင်ငံကြီးများ၏ ဖန်တီးမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လက်ရော့က ဘာသာရေးအထိမ်းအမှတ် ဧည့်ခံပွဲတစ်ခု၌ ပြောကြားခဲ့သည်။
သို့ရာတွင် အကြမ်းဖက်အဖွဲ့များနှင့် အစွန်းရောက်အဖွဲ့များက ဘာသာရေးအကြောင်းပြချက်များအပါအဝင် လုယက်မှုများနှင့် လူသတ်မှုများကို ကျူးလွန်နေခြင်းကို ရုရှားနိုင်ငံအနေဖြင့် လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏ မှားယွင်းသော လုပ်ဆောင်မှုများကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် ဖရိုဖရဲဖြစ်မှုနှင့် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် အဆိုပါ လားရာကို သက်သေပြနေခြင်းဖြစ်ကြောင်း လက်ရော့က ထပ်လောင်းပြောကြားခဲ့သည်။
Ref: Iv
MWD
