ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အမေရိကန်နှင့် အီရန် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမှုကို ကြိုဆို

News Image

  • ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အမေရိကန်နှင့် အီရန် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမှုကို ကြိုဆို

ကုလသမဂ္ဂ    ဧပြီ   ၂၂

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အမေရိကန်နှင့် အီရန်အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမှုကို ကြိုဆိုကြောင်း ယနေ့ ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်တို့အကြား သံတမန်လမ်းကြောင်းမှတစ်ဆင့် ယုံကြည်မှုတည်ဆောက်ရေးအတွက်   ယခုအပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမှုသည် အရေးကြီးသည့် ခြေလှမ်းတစ်ခုဖြစ် သည်။

အပစ်အခတ်ရပ်စဲရေးကို  ထိခိုက်စေနိုင်သည့်  လုပ်ရပ်များကို ရှောင်ကြဉ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဆုံးဖြတ်ချက်တစ်ရပ်ရရှိစေရေး ကြိုးပမ်းရန်လိုအပ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်နှင့် အီရန်တို့အကြား နောက်ထပ်ဆွေးနွေးပွဲများ  အဆင်ပြေချောမွေ့စေရန်  ပါကစ္စတန်၏ ကြိုးပမ်းမှုများကို အန်တိုနီယို ဂူတာရက်စ်က အပြည့်အဝထောက်ခံပြီး အဆိုပါ ကြိုးပမ်းမှုများသည် ပဋိပက္ခ၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် တာရှည်ခံသော ဖြေရှင်းမှုတစ်ရပ်အတွက် အထောက်အကူဖြစ်စေမည့် အခြေအနေများကို ဖန်တီးပေးမည်ဟု မျှော်လင့်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ၎င်း၏ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ပါကစ္စတန်၏ တောင်းဆိုမှုကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မကုန်ဆုံးမီ နာရီပိုင်းအလိုတွင် သဘောတူညီခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမှုသည် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးပြီးနောက် ရလဒ်တစ်ခု ထွက်ပေါ်လာသည့်အချိန်အထိ သက်ရောက်မှုရှိနိုင်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

MDN