ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောများဖြတ်သန်းသွားလာမှု လွန်စွာလျော့နည်းနေဆဲ
ဟော်မုဇ်ရေလက်ကြား အကျပ်အတည်းအတွင်း ရေကြောင်းသွားလာမှုသည် စစ်မဖြစ်မီကာလထက် သိသိသာသာ လျော့နည်းနေဆဲဖြစ်သည်။ ရေကြောင်းခြေရာခံ အချက်အလက်များအရ ယနေ့အချိန်ထိ အရေးပါသော အဆိုပါရေလမ်းကြောင်းကို ဖြတ်သန်းသွားသည့်သင်္ဘော အရေအတွက်မှာ လက်တစ်ဆုပ်စာခန့်သာ ရှိသေးကြောင်း သိရှိရသည်။
ကမ္ဘာ့ရေနံကုန်ကြမ်း ငါးပုံတစ်ပုံခန့် ဖြတ်သန်းစီးဆင်းရာ ယင်းရေလက်ကြားသည် အီရန်နှင့် ဖြစ်ပွားနေသော အမေရိကန်-အစ္စရေး စစ်ပွဲ၏ အဓိက ဗဟိုချက်ဖြစ်လာခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးဆိုင်ရာရိုက်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ တီဟီရန်နှင့် ဝါရှင်တန်တို့သည် အဆိုပါ ရေလမ်းကြောင်းကို အသီးသီးပိတ်ဆို့ထားကြရာ အီရန်က ၎င်းတို့အနေဖြင့် ရန်ဘက်နိုင်ငံများ၏ သင်္ဘောများဟု သတ်မှတ်သည့်သင်္ဘောများကို တိုက်ခိုက်နေပြီး အမေရိကန်ကမူ အီရန်ဆိပ်ကမ်းများမှ ထွက်ခွာလာသည့် သင်္ဘောများကို ပစ်မှတ်ထားနေသည်။
ရေကြောင်းထောက်လှမ်းရေး ဝန်ဆောင်မှုပေးသည့် MarineTraffic မှ အချက်အလက်များအရ အိန္ဒိယကုမ္ပဏီပိုင် Oceanjet ရေနံကုန်ချောတင် သင်္ဘောတစ်စီးနှင့် Lumina Ocean ရေနံနှင့် ဓာတုပစ္စည်းတင်သင်္ဘောတစ်စီးတို့သည် မကြာသေးမီ (ဧပြီ ၂၅ ရက်နေ့) က ထိုရေလမ်းကြောင်းကို ဖြတ်သန်းသွားခဲ့ကြောင်းပြသနေသည်။ ထို့အပြင် ရုရှားအလံ လွှင့်ထူထားသော ရွက်လှေတစ်စီးလည်း ရေလက်ကြားကို ဖြတ်သန်းသွားခဲ့သည်။
သင်္ဘောသွားလာမှု အချက်အလက်များသည် အချက်ပြမှုပြတ်တောက်ခြင်းနှင့် ခြေရာခံစနစ်များကို လမ်းမှားစေရန် အချက်ပြအတုများ လွှင့်ထုတ်ခြင်း (Spoofing) တို့ကြောင့် တစ်ခါတစ်ရံ ပုံမှန်မဟုတ်သောအခြေအနေများ ရှိနိုင်သဖြင့် အဆိုပါခရီးစဉ်များကို CNN အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
