ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိ

News Image

  • ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိ
  • ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိ
      အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
      ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄ ရက် နံနက် ၈ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၇ နာရီ ၅၀ မိနစ်တွင် ရွှေကျင်မြို့နယ်၊ အင်းဂနီကျေးရွာနေ ဒေါ်မေဦး(၃၂)နှစ်သည် ၎င်း၏ညီမဖြစ်သူ မပိုးပိုး(၂၂)နှစ်နှင့်အတူ နေအိမ်မှ ရွှေကျင်-ကျောက်ကြီးကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် အင်းဂနီကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အနီးအရောက် လမ်းဘေးမှ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
      အလားတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ကျောက်ကြီးမြို့နယ်၊ ရေအိုးစင်ကျေးရွာနေ ဦးအောင်မြင့်(၆၅)နှစ်သည် ကျေးရွာ၏အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ ၎င်းပိုင်ဥယျာဉ်ခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
       အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA