နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PNLO အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၆၁ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ

News Image

  • နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PNLO အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၆၁ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ

နေပြည်တော် ဧပြီ ၂၆

 

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးမှုများကြောင့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။ ထို့အတူ တပ်မတော်စစ်ကြောင်းများက တိုင်းဒေသကြီး/ ပြည်နယ်များရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့်နေရာများကို တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့မှုများကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ခုခံလိုခြင်းမရှိတော့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အမြင်မှန်ရရှိကာ အေးချမ်းစွာနေထိုင်လိုကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် နီးစပ်ရာတပ်စခန်းများရှိ တာဝန်ရှိသူများထံ သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူများက အသီးသီး ကြိုဆိုလက်ခံခဲ့ကြသည်။

 

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံခြင်းကို ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ခံဝန်ကတိ လက်မှတ်ရေးထိုး

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး တိုင်းမှူးက အလင်းဝင်ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးက ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် ပစ္စတိုသေနတ် သုံးလက်၊ Type-81 သေနတ် ၁၄ လက်၊ M-16 သေနတ် လေးလက်၊ M-22 သေနတ် လေးလက်၊ M-79 သေနတ် နှစ်လက်၊ MA-11 သေနတ် နှစ်လက်၊ ကာဘိုင်သေနတ် တစ်လက်၊ ကျည်အိမ်မျိုးစုံ ၄၂ ခု၊ ကျည်မျိုးစုံ ၂၂၁၉ တောင့်၊ မိုင်းမျိုးစုံ သုံးလုံး၊ လက်ပစ်ဗုံး ၁၅ လုံး၊ ဒီတိုနေတာ ၁၃ ခုနှင့် စကားပြောစက်နှစ်လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပစ္စတိုသေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၀ နှုန်းဖြင့် သုံးလက်အတွက် ငွေကျပ် သိန်း ၆၀၊ မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် ၂၇ လက်အတွက် ငွေကျပ် သိန်း ၁၃၅၀၊ လက်ပစ်ဗုံးတစ်လုံးစီအတွက် ဆုကြေးငွေကျပ် သုံးသိန်းနှုန်းဖြင့် ၁၅ လုံးအတွက် ငွေကျပ် ၄၅ သိန်း၊ မိုင်းတစ်လုံးအတွက် ငွေကျပ် သုံးသိန်းနှုန်းဖြင့် သုံးလုံးအတွက် ငွေကျပ် ကိုးသိန်း၊ စကားပြောစက်တစ်လုံးအတွက် ဆုကြေးငွေကျပ် နှစ်သိန်းနှုန်းဖြင့် နှစ်လုံးအတွက် ငွေကျပ် လေးသိန်းနှင့် အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်း နှုန်းဖြင့် ၆၁ ဦးအတွက် ငွေကျပ် ၆၁ သိန်း စုစုပေါင်းငွေကျပ် ၁၅၂၉ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။  ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ အပ်နှံထားသော လက်နက်ခဲယမ်းများကို ကြည့်ရှုစစ်ဆေးပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

ယနေ့ အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်မှ အမျိုးသားနှစ်ဦး၊ ညောင်ရွှေမြို့နယ်မှ အမျိုးသားတစ်ဦး၊ ဆီဆိုင်မြို့နယ်မှ အမျိုးသား ၃၀၊ ပင်လောင်းမြို့နယ်မှ အမျိုးသား ၁၂ ဦး၊ မောက်မယ်မြို့နယ်မှ အမျိုးသား ၁၀ ဦး၊ လွိုင်ကော်မြို့နယ်မှ အမျိုးသားခြောက်ဦး စုစုပေါင်း PNLO အဖွဲ့ဝင် အမျိုးသား ၆၁ ဦး ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ ဧပြီ ၂၄ ရက်တွင်လည်း နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တပ်မတော်၏ သဘောထားအမှန်တို့ကို သိရှိနားလည် သဘောပေါက်လာကြသည့် KIA၊ AA၊ PLA အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင်အချို့အပါ အဝင် PDF အမည်ခံ အဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်အမျိုးသား ၄၇၀ နှင့် အမျိုးသမီး ၄၇ ဦး ပေါင်း ၅၁၇ ဦးတို့သည်လည်း လက်နက်ကိုင်လမ်းစဉ်များကို စွန့်လွှတ်၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ အလင်းဝင်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် လက်နက်ကိုင်အဖွဲ့ဝင်များနှင့် PDF အမည်ခံ အဖွဲ့ဝင်အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကျပ်ကိုင်၍  အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ် သည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။    ကျွန်တော်ကတော့ ပင်လောင်းမြို့နယ်ကပါ။ PNLO အကြမ်းဖက်အဖွဲ့ကနေ အလင်းဝင်ရောက်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ PNLO အဖွဲ့ကို ဝင်ရောက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ PNLO အဖွဲ့မှ ခွန်တန် (ခ) ဆလိုက်ရဲ့ စည်းရုံးခေါ်ဆိုမှုကြောင့် PNLO အဖွဲ့ကို ဝင်ရောက်ခဲ့ပြီး ဆီဆိုင်မြို့နယ် ဗန်းမတ်ကျေးရွာမှာ လှုပ်ရှားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့ထဲ ရောက်ရှိခဲ့ချိန်မှာတော့ အကြမ်းဖက်အဖွဲ့ဝင်အချင်းချင်း ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်ခံခဲ့ရတာ အနေအထိုင် အစားအသောက် အလွန်ခက်ခဲ ကျပ်တည်းခဲ့ရတာတွေအပြင် ၂၀၂၆ ခုနှစ်မှာ ဆီဆိုင်မြို့နယ် ဗန်းမတ်ကျေးရွာကို PNO အဖွဲ့က နယ်မြေရှင်းလင်း ဝင်ရောက်ခဲ့တဲ့အတွက် ထီတဖြေကျေးရွာဘက်မှ ကျွန်တော်တို့ ဆုတ်ခွာထွက်ပြေးခဲ့ရတယ်။ PNLO အကြမ်းဖက်အဖွဲ့မှာ ဆက်နေခဲ့ရင် အသက်သေဆုံးနိုင်ပြီး မသေလျှင်လည်း အဖမ်းခံရနိုင်တာကြောင့် ထွက်ပြေးပြီး အခုလို အလင်းဝင်ရောက်ခဲ့ပါတယ်။ အလင်းဝင်တော့လည်း တပ်မတော်မှ တာဝန်ရှိသူတွေက သားသမီးလို ညီအစ်ကိုလိုမျိုး နွေးထွေးစွာ ပြောဆိုဆက်ဆံခဲ့ပါတယ်။ ကောင်းမွန်စွာထားပြီး မိသားစုသဖွယ် အခုလို ဆက်ဆံတဲ့အတွက် လွန်စွာဝမ်းသာကျေနပ်ခဲ့ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ အခုလို အလင်းဝင်ရောက်တဲ့ လမ်းကြောင်းကို ရွေးချယ်မိတာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ တောထဲမှာ ကျန်ရှိခဲ့တဲ့ လူငယ်တွေကို တောထဲမှာ အကြောင်းမဲ့ သေဆုံးရမယ့်အစား မိသားစုနဲ့အတူ ပြန်လည်နေထိုင်ပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ ကျွန်တော်နဲ့ လက်တွဲပြီး တပ်မတော်ကို အလင်းဝင်ရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ 

 

၂။    ကျွန်တော်ကတော့ ဆီဆိုင်မြို့နယ်ဇာတိ ပအိုဝ်းလူမျိုးတစ်ဦး ဖြစ်ပါတယ်။ PNLO အဖွဲ့ကနေ အလင်းဝင်ရောက်လာတဲ့သူလည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အကြမ်းဖက်အဖွဲ့ထဲကို မဝင်ရောက်ခင်မှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ခဲ့တာပါ။ ဒါပေမဲ့ PNLO အကြမ်းဖက်အဖွဲ့က ၎င်းတို့အဖွဲ့အစည်းကို ဝင်ရောက်ဖို့ စည်းရုံးခဲ့မှုကြောင့် PNLO အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိချိန်မှာတော့ အကြမ်းဖက် အဖွဲ့ဝင်အချင်းချင်း ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်ခံခဲ့ရတယ်။ အနေအထိုင် အစားအသောက် အလွန်ခက်ခဲ ကြမ်းတမ်းခဲ့ရတယ်။ အကြမ်းဖက်အဖွဲ့တွေက သူတို့ကို မထောက်ခံတဲ့ ဒေသခံတိုင်းရင်းသား ပြည်သူလူထုကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။ အခုချိန်မှာ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်မှ ငြိမ်းချမ်းရေးဖိတ်ခဲ့မှုကြောင့် နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်ပြီး အေးချမ်းစွာ နေထိုင်လိုခြင်းဖြစ်ပါတယ်။ အလင်းဝင်ရောက်လာတဲ့ အချိန်မှာလည်း တပ်မတော်က တာဝန်ရှိသူတွေအနေနဲ့ နွေးထွေးစွာကြိုဆိုကြပါတယ်။ ကောင်းကောင်းမွန်မွန်ထားပြီး မိသားစုဝင်တစ်ဦးလို  ဆက်ဆံတဲ့အတွက် အလွန်ဝမ်းသာ ပီတိဖြစ်ရပါတယ်။ လူငယ်တွေအနေနဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လူမှုကွန်ရက်ကနေ ပြောဆိုစည်းရုံးတာတွေ ၎င်းတို့နဲ့ ပတ်သက်ဆက်နွှယ်သူတွေရဲ့ မဟုတ်မမှန် ဝါဒဖြန့် ပြောဆိုစည်းရုံးမှုတွေကို နားယောင်ပြီး အကြမ်းဖက်အဖွဲ့ကို မဝင်ကြဖို့ ကျွန်တော်အခုလို အလင်းဝင်ရောက်ပြီးတော့ မိသားစုတွေနဲ့အတူ မြို့မှာ အေးအေးချမ်းချမ်း နေထိုင်ရသလို အကြမ်းဖက်အဖွဲ့ထဲမှာ ကျန်ရှိနေတဲ့ လူငယ်တွေကိုလည်း အမြန် အလင်းဝင်ရောက်လာပြီး မိသားစုနဲ့အတူ ပြန်လည်နေထိုင်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။ 

 

သတင်းစဉ်

MDN