အင်ဒိုနီးရှားနိုင်ငံ၌ ရထားနှစ်စင်းတိုက်မှု သေဆုံးသူ ၁၄ ဦးအထိ မြင့်တက်လာ

News Image

  • အင်ဒိုနီးရှားနိုင်ငံ၌ ရထားနှစ်စင်းတိုက်မှု သေဆုံးသူ ၁၄ ဦးအထိ မြင့်တက်လာ

ဧပြီ ၂၈

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားရှိ ဘီကာစီမြို့တွင် ရထားနှစ်စင်း တိုက်မိမှုကြောင့် သေဆုံးသူဦးရေ ၁၄ ဦးအထိ မြင့်တက်လာပြီး ၈၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် ယနေ့နံနက်တွင် ဘီကာစီမြို့ရှိ ဆေးရုံတစ်ခုသို့ သွားရောက်ပြီးဝမ်းနည်းကြောင်းပြောကြားကာ ထိုဝမ်းနည်းဖွယ်ဖြစ်ရပ်အတွက် အမြန်စုံစမ်း စစ်ဆေးမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

ယနေ့ထုတ်ပြန်သောတရားဝင်ကြေညာချက်တစ်စောင်တွင် KAI ရထားလုပ်ငန်း ဥက္ကဋ္ဌ ဘော့ဘီ ရာစီဒင်က အနောက်အင်ဒိုနီးရှားစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်အထိ နောက်ဆုံးရအချက်အလက်များအရ သေဆုံးသူ ၁၄ ဦး ရှိကြောင်း ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ဒဏ်ရာရရှိသူ ၈၄ ဦးကို ကျန်းမာရေးဌာနအသီးသီးတွင် ဆေးကုသမှုခံယူစေခဲ့သည်ဟု သိရသည်။

ဧပြီ ၂၇ ရက်နေ့ ဒေသစံတော်ချိန် ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ဂျကာတာ-ဘီကာစီ လမ်းကြောင်းပေါ်ရှိ ခရီးသည်တင်ရထားတစ်စင်းသည် ဂျကာတာ-ဆူရာဘာယာလမ်းကြောင်းပေါ်တွင် ပြေးဆွဲနေသော အဝေးပြေးရထားတစ်စင်းနှင့် တိုက်မိမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ရထားပို့ဆောင်ရေးဌာနနှင့် အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးကော်မတီက ထိုဖြစ်စဉ် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

MDN