မင်နီဆိုးတားပြည်နယ်တွင် လေယာဉ်ငယ်ပျက်ကျမှုကြောင့် မြောက် ဒါကိုတာ ပြည်နယ်လွှတ်တော်အမတ်တစ်ဦး သေဆုံး

News Image

  • မင်နီဆိုးတားပြည်နယ်တွင် လေယာဉ်ငယ်ပျက်ကျမှုကြောင့် မြောက် ဒါကိုတာ ပြည်နယ်လွှတ်တော်အမတ်တစ်ဦး သေဆုံး

မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့အနီးတွင် စနေနေ့ (ဧပြီ ၂၅) က လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ရာ မြောက်ဒါကိုတာ ပြည်နယ်လွှတ်တော် အမတ် လစ်ကွန်မီ (Liz Conmy) (၆၇ နှစ်) နှင့် လေယာဉ်မှူးတို့ သေဆုံးသွားကြောင်း ဒေသခံအာဏာပိုင်များကို ကိုးကား၍ Associated Press သတင်းဌာနက ဖော်ပြခဲ့သည်။

လူနှစ်ဦး လိုက်ပါလာသည့် Beechcraft BE33 အမျိုးအစား လေယာဉ်သည် Crystal လေဆိပ်မှထွက်ခွာပြီး မကြာမီမှာပင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဖက်ဒရယ်လေကြောင်းဦးစီးဌာန (FAA) က အတည်ပြု ပြောကြားခဲ့သည်။

မြောက်ဒါကိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူး ကယ်လီအမ်းစထရောင်းက ထုတ်ပြန်ချက်တစ်ခုတွင် "လစ်ဟာ သူမရဲ့ ပြည်နယ်နဲ့ လူထုအတွက် ဂရုတစိုက်နဲ့ စာနာမှုအပြည့်ထားပြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်၊ အခုလို ဝမ်းနည်းဖွယ်ရာဆုံးရှုံးမှုအတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရသလို သူမရဲ့မိသားစု၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက် လွှတ်တော်အမတ်တွေထံ လွန်စွာဝမ်းနည်းကြောင်း ဆုတောင်းစကားပါးအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။

လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် လုံခြုံရေးကင်မရာမှတ်တမ်းများအရ လေယာဉ်သည် သစ်တောထူထပ်သော နေရာတစ်ခုအတွင်းသို့ ပျက်ကျသွားပြီးနောက် ပေါက်ကွဲမီးလောင်ခဲ့သဖြင့် အနီးနားရှိ သစ်ပင်များနှင့် မြက်ခင်းများသို့ မီးကူးစက်လောင်ကျွမ်းခဲ့သည်ကို တွေ့ရှိရသည်။ ဒီမိုကရက်တစ်ပါတီ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော ကွန်မီ ၏ မြောက်ဒါကိုတာ ဒီမိုကရက်တစ်-ပါတီဝင်မဟုတ်သူများ အဖွဲ့ချုပ် (North Dakota Democratic–Nonpartisan League Party) ကလည်း သူမကွယ်လွန်ခြင်းသည် ပြည်နယ်အတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်သည်ဟု လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေးလုံခြုံမှုဘုတ်အဖွဲ့ (NTSB) က လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ဦးဆောင်ပြုလုပ်သွားမည်ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

News Video