OPEC အဖွဲ့မှ နုတ်ထွက်ပြီးနောက် အခြားအဖွဲ့အစည်းများမှနုတ်ထွက်ရန် မစဉ်းစားထားကြောင်း UAE တာဝန်ရှိသူတစ်ဦး က CNN သို့ ပြောကြား

News Image

  • OPEC အဖွဲ့မှ နုတ်ထွက်ပြီးနောက် အခြားအဖွဲ့အစည်းများမှ နုတ်ထွက်ရန် မစဉ်းစားထားကြောင်း UAE တာဝန်ရှိသူတစ်ဦး က CNN သို့ ပြောကြား

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) မှ နုတ်ထွက်ပြီးနောက် လက်ရှိအချိန်တွင် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများမှ နုတ်ထွက်ရန် စဉ်းစားနေခြင်းမရှိကြောင်း UAE တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၉) တွင် CNN သို့ ပြောကြားခဲ့သည်။

UAE ၏ နုတ်ထွက်မှုအပြီးတွင် ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်သော ၎င်းတို့အနေဖြင့် အခြားအဓိကအဖွဲ့အစည်းများမှလည်း နုတ်ထွက်နိုင်သည် ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်လာခဲ့သည်။

သို့သော် UAE အနေဖြင့် အခြားအဖွဲ့အစည်းများမှ နုတ်ထွက်နိုင်ခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် အဆိုပါတာဝန်ရှိသူက ၎င်းတို့နိုင်ငံအနေဖြင့် နယ်ပယ် အသီးသီးရှိ ၎င်းတို့၏ အခန်းကဏ္ဍနှင့် ပါဝင်ကူညီမှုများ၏ ဆီလျော်မှုနှင့် အသုံးဝင်မှုတို့ကို ပြန်လည်သုံးသပ်နေခြင်းသာဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ၎င်းက “လက်ရှိအချိန်မှာတော့ ဘယ်အဖွဲ့အစည်းကမှ နုတ်ထွက်ဖို့ စဉ်းစားနေတာမျိုးမရှိပါဘူး” ဟု ထပ်လောင်းပြောဆိုခဲ့သည်။

OPEC မှ နုတ်ထွက်ကြောင်း ကြေညာချက်သည် ဂျက်ဒါမြို့ (Jeddah) တွင် ပြုလုပ်သည့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ၏ အထူးအစည်းအဝေးနှင့် တိုက်ဆိုင်နေသည်။ UAE တာဝန်ရှိသူက CNN သို့ ပြောကြားရာတွင် “မနေ့ကကျင်းပခဲ့တဲ့ အစည်းအဝေးဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကိုလျှောက်လှမ်းတဲ့ ပထမဆုံးခြေလှမ်းကောင်းတစ်ခုဖြစ်ပါတယ်” ဟု ဆိုသော်လည်း “မရေရာတဲ့ နောက်ခံအခြေအနေတွေ ကြားမှာ လုပ်ဆောင်ရမယ့်အရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

UAE သည် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် အာရပ် အဖွဲ့ချုပ် (League of Arab States) အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများစွာ၏ အဖွဲ့ဝင်ဖြစ်ပြီး အမေရိကန်၏ အဓိက မဟာမိတ်လည်းဖြစ်သကဲ့သို့ အစ္စရေးနိုင်ငံနှင့်လည်း ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လျက်ရှိသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး