မာလီစစ်ရာဇဝတ်မှုကျူးလွန်သူ Al Hassan အား ယူရို ၇.၂ သန်း လျော်ကြေးပေးရန် ICC အမိန့်ချမှတ်

News Image

  • မာလီစစ်ရာဇဝတ်မှုကျူးလွန်သူ Al Hassan အား ယူရို ၇.၂ သန်း လျော်ကြေး ပေးရန် ICC အမိန့်ချမှတ်

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က မာလီနိုင်ငံမြောက်ပိုင်းတွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် ပြစ်မှုထင်ရှား စီရင်ခြင်းခံထားရသော အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်သည့် ဂျီဟတ် ခေါင်းဆောင်တစ်ဦးကြောင့် နစ်နာခဲ့ရသူများအား လျော်ကြေးငွေအဖြစ် ယူရို ၇.၂ သန်း (အမေရိကန်ဒေါ်လာ ၈.၄ သန်းခန့်) ပေးအပ်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) က ဆုံးဖြတ်လိုက်သည်။

အစ္စလာမ္မစ်ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း အသက် ၄၉ နှစ်အရွယ် Al Hassan Ag Abdoul Aziz Ag Mohamed Ag Mahmoud သည် ၂၀၁၂ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့များက တင်ဘတ်တူးမြို့ကို ထိန်းချုပ်ထားစဉ်အတွင်း ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုမှုနှင့် ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုများအပါအဝင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ၂၀၂၄ ခုနှစ်တွင် ပြစ်မှုထင်ရှားစီရင်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းကို ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။

သဘာပတိတရားသူကြီး Kimberly Prost က “နစ်နာသူတွေကို ထိခိုက်နစ်နာမှုဖြစ်စေခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် Al Hassan မှာ တာဝန်ရှိတာကြောင့် ဒီနစ်နာမှုတွေကို ပြန်လည်ကုစားပေးဖို့ ကုန်ကျစရိတ်တွေအတွက် ၎င်းမှာ ငွေကြေးအရပေးလျော်ရန် တာဝန်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

Al Hassan တွင် ထိုသို့ပေးလျော်ရန် တာဝန်ရှိသော်လည်း ၎င်းသည် ဆင်းရဲနွမ်းပါးပြီး ပေးလျော်နိုင်စွမ်းမရှိကြောင်း ကြေညာထားသည်။ ထို့ကြောင့် အဆိုပါလျော်ကြေးငွေများကို ရောမစာချုပ် (Rome Statute) အရ ဖွဲ့စည်းထားသည့် နစ်နာသူများအတွက် ယုံကြည်မှုရန်ပုံငွေအဖွဲ့ (Trust Fund for Victims) မှ ကျခံပေးမည်ဖြစ်သည်။ အဆိုပါ ရန်ပုံငွေများကို နစ်နာသူများအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ ပညာရေးနှင့် လူမှုစီးပွားရေးဆိုင်ရာအစီအစဉ်များတွင် အသုံးပြုသွားမည်ဖြစ်ပြီး၊ အလွဲသုံးစားပြုမှုဒဏ်ကို ပိုမိုခံစားခဲ့ရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အထူးဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုံးတော်မှတ်တမ်းများအရ သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး