ပြင်းထန်သည့်ရထားတိုက်မှုဖြစ်ပွားပြီးနောက် အင်ဒိုနီးရှား၌ ရထားလမ်းကူး ၁၈၀၀ ခန့် ပြန်လည်ပြုပြင်ရန်စီစဉ်

News Image

  • ပြင်းထန်သည့်ရထားတိုက်မှုဖြစ်ပွားပြီးနောက် အင်ဒိုနီးရှား၌ ရထားလမ်းကူး ၁၈၀၀ ခန့် ပြန်လည်ပြုပြင်ရန်စီစဉ်

ဂျကာတာ ဧပြီ ၂၈

 

အင်ဒိုနီးရှားအစိုးရသည် ဧပြီ ၂၇ ရက် ညပိုင်းက ဘီကာစီမြို့၌ ဖြစ်ပွားခဲ့သော ရထားတိုက်မှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး ၈၄ ဦး ဒဏ်ရာရရှိခဲ့မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် နိုင်ငံတစ်ဝန်းရှိ ရထားလမ်းကူး ၁၈၀၀ ခန့်ကို ပြန်လည်ပြုပြင်မွမ်းမံရန် စီစဉ်နေကြောင်း သမ္မတ ပရာဘိုဝီ ဆူဘီယန်တိုက ဧပြီ ၂၈ ရက်တွင် ပြောကြားသည်။

 

သမ္မတသည် ဘီကာစီဒေသန္တရ ပြည်သူ့ဆေးရုံတွင် ရထားမတော် တဆမှုဖြစ်စဉ်မှ အသက်ရှင်လွတ် မြောက်သူများအား သွားရောက်တွေ့ဆုံပြီးနောက် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေး အမြန်ဆုံးဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ ထို့ပြင် လုံခြုံရေးဂိတ်များထားရှိခြင်း သို့မဟုတ် ခုံးကျော်တံတားများ တည်ဆောက်ခြင်းဖြင့် ရထားလမ်းကူးအားလုံးကို ပြုပြင်မွမ်းမံသွားမည်ဖြစ်ကြောင်းနှင့် ဘီကာစီမြို့ရှိ ခုံးကျော်တံတားများ တည်ဆောက်ရေးအား အရှိန်မြှင့်တင်ခြင်းကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ဂျကာတာ – ဘီကာစီ လမ်းကြောင်းတွင် ပြေးဆွဲနေသော ရထားတစ်စင်းသည် ဂျကာတာ–ဆူရာဘာယား လမ်းကြောင်းမှ ခရီးဝေးရထားတစ်စင်းနှင့် ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် ည ၈ နာရီ မိနစ် ၅၀ ခန့်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ပြီး ဒဏ်ရာရရှိသူများအား အနီးရှိ ဆေးရုံများ၌ ဆေးကုသမှုပေးအပ်လျက်ရှိကြောင်း သိရသည်။ 

 

ဆင်ဟွာ

MDN