ဂျာမနီနိုင်ငံသည် ၂၀၂၂ ခုနှစ်မှစတင်၍ စစ်ဘက်ဆိုင်ရာဝယ်ယူရေး စာချုပ်ပေါင်း ၄၇,၀၀၀ ကျော် ချုပ်ဆိုခဲ့ကြောင်း Spiegel သတင်းဌာန ဖော်ပြ
ဂျာမနီနိုင်ငံ၏ 'Zeitenwende' စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေး မူဝါဒအောက်တွင် ၂၀၂၂ ခုနှစ်မှစတင်၍ ယူရို ၁၁၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃၀ ဘီလီယံ) တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ ဝယ်ယူရေးစာချုပ်ပေါင်း ၄၇,၀၀၀ ကျော်ကို ချုပ်ဆိုခဲ့ကြောင်း Spiegel သတင်းဌာနက ဖော်ပြခဲ့ သည်။
အဆိုပါစာချုပ်အရေအတွက်မှာ တစ်ရက်လျှင် ပျမ်းမျှ စာချုပ် ၃၀ ကျော်နှုန်း အထိ ရှိနေသော်လည်း ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စာချုပ် မည်မျှ ပြီးစီးပြီးဖြစ်သည် သို့မဟုတ် လက်နက်ကိရိယာ မည်မျှကို လက်ဝယ်ရရှိပြီးဖြစ်သည်ဟူသော အချက်အလက်ကို အတိအကျ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိပေ။
ဝန်ကြီးဌာနက ယင်းသို့ အချက်အလက်စုဆောင်းရန်မှာ အချိန်ကုန်ပြီး ကုန်ကျစရိတ်များပြားသဖြင့် စီမံကိန်းများကို နှောင့်နှေးစေနိုင်သည်ဟု အကြောင်းပြခဲ့သော်လည်း နိုင်ငံရေးသမား Dietmar Bartsch ကမူ ယင်းသို့ ကြီးကြပ်ကွပ်ကဲမှုအားနည်းခြင်းသည် အခွန်ထမ်းပြည်သူများ၏ ငွေကြေးများ အလဟသဖြစ်မည့်အန္တရာယ်ရှိကြောင်း သတိပေး ဝေဖန်ခဲ့သည်။
အခြားတစ်ဖက်တွင် ဂျာမနီနိုင်ငံ၏ စီးပွားရေးမှာ ယခုနှစ်အတွက် တိုးတက်မှုခန့်မှန်းချက် ၀.၅ ရာခိုင်နှုန်းသာရှိပြီး ကျဆင်းနေသော်လည်း ယူကရိန်းအတွက် စစ်ရေးနှင့်ဘဏ္ဍာရေးအကူအညီ ယူရို ၄၄ ဘီလီယံ အထိ ပေးအပ်ကာ စစ်တပ်အတွက် အမြောက်အမြား ဆက်လက် ရင်းနှီးမြှုပ်နှံနေခြင်းဖြစ်သည်။
ယခုကဲ့သို့ ဥရောပသမဂ္ဂ (EU) ၏ အရှိန်အဟုန်ဖြင့် စစ်အင်အားချဲ့ထွင်လာမှုအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး “ဥရောပတိုက်၏ လုံခြုံရေးအတွက် တာဝန်ယူရမှုမှ ကင်းလွတ်စေရန်နှင့် ယူကရိန်းပဋိပက္ခအတွက် ဥရောပ တိုက်သား များကိုယ်တိုင် ငွေကြေးစိုက်ထုတ်စေရန် အမေရိကန်များက ထိုလုပ်ငန်းစဉ်များကို တက်ကြွစွာမြှင့်တင်ပေးနေခြင်းဖြစ်သည်” ဟု စွပ်စွဲပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
