ဟော်မုရေလက်ကြားကို ကာလရှည်ကြာပိတ်ဆို့ထားရေး ပြင်ဆင်ရန် ထရမ့်က ညွှန်ကြားထားဟုဆို

News Image

  • ဟော်မုရေလက်ကြားကို ကာလရှည်ကြာပိတ်ဆို့ထားရေး ပြင်ဆင်ရန် ထရမ့်က ညွှန်ကြားထားဟုဆို

အမေရိကန်ရေတပ်အနေဖြင့် ဟော်မုရေလက်ကြားကို ကာလရှည်ကြာပိတ်ဆို့ထားနိုင်ရေး ပြင်ဆင်ထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားထားသည်ဟု The Wall Street Journal သတင်းစာက ဖော်ပြထားသည်။ စစ်ပွဲကာလ သုံးလအတွင်း ရောက်ရှိလာချိန်တွင် အီရန်အပေါ် စီးပွားရေးအရ ဖိအားပေးမှုများ အရှိန်မြှင့်ရန် ထရမ့်က ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။

အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက်ပြုလုပ်မည့် မည်သည့်သင်္ဘောကိုမဆို တားဆီးခြင်းဖြင့် အီရန်၏ ရေနံတင်ပို့နိုင်စွမ်းကို ဆက်လက်ဖိအားပေးရန် ထရမ့်က ဧပြီလ ၂၈ ရက် ညပိုင်းတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံက ဟော်မုရေလက်ကြားပိတ်ဆို့မှုကို ဖယ်ရှားပေးရန် တောင်းဆိုထားသော်လည်း ထိုကမ်းလှမ်းချက်မှာ ရိုးသားမှုမရှိဟုဆိုကာ ထရမ့်က ပယ်ချထားသည်။

ဟော်မုရေလက်ကြားပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ ဘရန့်ရေနံစိမ်းတစ်စည်လျှင် ၁၁၁ ဒေါ်လာအထက်သို့ မြင့်တက်သွားခဲ့သည်။ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ရိုက်ခတ်မှုများအရ ဧပြီလ ၂၈ ရက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က OPEC အဖွဲ့မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ဧပြီလ ၇ ရက်ဝန်းကျင်တွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့သော်လည်း အမေရိကန်နှင့် အီရန်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ အဖြေမထွက်သေးဘဲ ဖြစ်နေဆဲဖြစ်သည်။ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သုံးစွဲမှု၏ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟော်မုရေလက်ကြား ပိတ်ဆို့ခံထားရမှုကြောင့် အာရှနှင့် အာဖရိကဒေသများတွင် လောင်စာဆီကို ခွဲတမ်းဖြင့် သုံးစွဲနေရကြောင်း သိရသည်။

Ref: ST

MWD