အီရန်နှင့် နျူကလီးယား သဘောတူညီချက်မရမချင်း အမေရိကန်ရေတပ်က ဆက်လက် ပိတ်ဆို့ထားမည်ဟု ထရမ့်ပြော
အီရန်နိုင်ငံနှင့် နျူကလီးယားသဘောတူညီချက်မရမချင်း အမေရိကန်ရေတပ်က ဆက်လက်ပိတ်ဆို့ထားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဧပြီလ ၂၉ ရက်တွင်ပြောသည်။ "အခုလိုမျိုးပိတ်ဆို့ထားခြင်းက ဗုံးကြဲခြင်းထက် ပိုပြီးတော့ ထိရောက်မှုရှိပါတယ်" ဟု ထရမ့်က Axioသတင်းဌာနနှင့်တွေ့ဆုံစဉ် ပြောထားခြင်းဖြစ်သည်။ ထို့ပြင် အီရန်နိုင်ငံတွင် နျူကလီးယားလက်နက်ရှိလာနိုင်မည် မဟုတ်ကြောင်း ထရမ့်ကအလေးပေးပြောထားသည်။
တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံသည် ပိတ်ဆို့ခံထားရမှုမှ လွတ်မြောက်နိုင်စေရေးအတွက် သဘောတူညီချက်တစ်ရပ်ရရှိလိုသည့် ဆန္ဒရှိနေကြောင်း ထရမ့်ကဆက်ပြောသည်။ "သူတို့ကတော့ ဒီကိစ္စကိုပြေလည်စေချင်နေပါပြီ။ သူတို့ကပိတ်ဆို့ခံထားရတာကို မလိုချင်ဘူးလေ။ မိမိအနေနဲ့ကလည်း သူတို့အပေါ်ပိတ်ဆို့မှုကို မဖြေလျှော့ပေးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့အနေနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားမှာကို မမြင်လိုလို့ပါ" ဟု ထရမ့်ကပြောသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံနှင့်အီရန်နိုင်ငံတို့ကြား သဘောတူညီချက်မရသေးသောကြောင့် ထိုအခြေအနေကိုဖိအားပေးနိုင်ရေးအတွက် ရေတိုနှင့်ပြင်းထန်သော တိုက်ခိုက်မှုများလုပ်ရန် အမေရိကန်၏ အလယ်ပိုင်းစစ်ဌာနချုပ်က အစီအစဉ်တစ်ရပ်ကို အသင့်ပြင်ဆင်ထားသည်။ သို့သော် အမေရိကန်အနေဖြင့် မကြုံဖူးသော အခြေအနေနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း အီရန်တာဝန်ရှိသူ တစ်ဦးကပြောသည်။
MWD
