ဒေါ်နယ်ထရမ့်၏ ဝေဖန်မှုများရှိနေသော်လည်း ၎င်းနှင့်ထရမ့်အကြား ဆက်ဆံရေးသည် ကောင်းမွန်မြဲကောင်းမွန်နေဆဲဖြစ်သည်ဟု မာ့ဇ် အခိုင်အမာ ပြောကြား

News Image

  • ဒေါ်နယ်ထရမ့်၏ ဝေဖန်မှုများ ရှိနေသော်လည်း ၎င်းနှင့်ထရမ့်အကြား ဆက်ဆံရေးသည် ကောင်းမွန်မြဲ ကောင်းမွန်နေဆဲဖြစ်သည်ဟု မာ့ဇ် အခိုင်အမာ ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် အင်္ဂါနေ့ (ဧပြီ ၂၈) က ဝေဖန်ရေးသားခဲ့ပြီးနောက် ဂျာမနီ ဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) က ၎င်းနှင့်ထရမ့်ကြား ဆက်ဆံရေးမှာ ကောင်းမွန်မြဲကောင်းမွန်နေဆဲဖြစ်သည်ဟု ဧပြီ ၂၉ ရက်နေ့တွင် အခိုင်အမာ ပြောကြားခဲ့သည်။

“ကျွန်တော့်အမြင်အရတော့ အမေရိကန်သမ္မတနဲ့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်ဆံရေးဟာ ကောင်းမွန်နေဆဲပါပဲ” ဟု မာ့ဇ်က ဘာလင်မြို့ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။ “အဲဒီမှာစတင်ခဲ့တဲ့ အီရန် စစ်ပွဲနဲ့ပတ်သက်လို့တော့ အစကတည်းက ကျွန်တော့်မှာ သံသယတွေရှိနေခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

ဟော်မုဇ် ရေလက်ကြားပိတ်ဆို့မှု၏ နောက်ဆက်တွဲဆိုးကျိုးများကို ဂျာမနီနှင့် ဥရောပတို့ ခံစားနေရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ဒါဟာ ကျွန်တော်တို့ရဲ့ စွမ်းအင်ထောက်ပံ့မှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသလို ကျွန်တော်တို့ရဲ့ စီးပွားရေးစွမ်းဆောင်ရည်အပေါ်မှာလည်း အကြီး အကျယ် သက်ရောက်မှုရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။

အင်္ဂါနေ့ (ဧပြီ ၂၈) က ထရမ့်၏ Truth Social ပို့စ်တွင် စစ်ပွဲအပေါ် မာ့ဇ်၏ ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး “ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ်က အီရန်မှာ နျူကလီးယားလက်နက်ရှိတာဟာ အဆင်ပြေတယ်လို့ ထင်နေတာပဲ၊ သူ ဘာအကြောင်းပြောနေမှန်းတောင် သူကိုယ်တိုင်မသိဘူး!” ဟု ရေးသားခဲ့သည်။ ၎င်းက ဆက်လက်၍ “ဂျာမနီ နိုင်ငံဟာစီးပွားရေးအရရော တခြားကိစ္စရပ်တွေမှာပါ ဘာကြောင့် ဒီလောက်အခြေအနေဆိုးနေရသလဲဆိုတာ မဆန်းတော့ပါဘူး!” ဟု ဆိုခဲ့သည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်ရန် ငြင်းဆန်မှုကြောင့် ဥရောပ ခေါင်းဆောင်များကို ထရမ့်က ယခင်ကလည်း ပြစ်တင်ရှုတ်ချခဲ့ဖူးသည်။ မာ့ဇ်သည် အီရန်အနေဖြင့် နျူကလီးယားလက်နက် မပိုင်ဆိုင်ရဟု ယခင်က ကိုင်စွဲထားသော်လည်း လက်ရှိပဋိပက္ခနှင့်ပတ်သက်၍ ဝေဖန်မှုများကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြောဆိုနေသူဖြစ်သည်။

တနင်္လာနေ့ (ဧပြီ ၂၇) ကလည်း မာ့ဇ်က အမေရိကန်သည် အီရန်၏ အရှက်ခွဲခြင်းကိုခံနေရသည်ဟု ပြောကြားခဲ့ပြီး အမေရိကန်၏ မဟာဗျူဟာကင်းမဲ့မှုကို ဝေဖန်ခဲ့သည်။ ထို့ပြင် ထွက်ပေါက်မရှိဘဲ စစ်ပွဲများအတွင်းသို့ဝင်ရောက်ခြင်းအတွက် အီရတ်နှင့် အာဖဂန်နစ္စတန် တို့ကို နမူနာများအဖြစ် ထောက်ပြခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး