အမေရိကန် သိမ်းဆည်းထားသည့် အီရန်သင်္ဘောနှင့် သင်္ဘောသားများကို အီရန်သို့ ပြန်လည်လွှဲပြောင်းပေးမည်ဟု ပါကစ္စတန်အရာရှိများ ပြောကြား
ပြီးခဲ့သည့်လက အမေရိကန်၏ စစ်ရေးပိတ်ဆို့မှုကို ဖောက်ဖျက်ရန် ကြိုးပမ်းစဉ် သိမ်းဆည်းခံခဲ့ရသော အီရန်သင်္ဘောမှသင်္ဘောသားများကို နေရပ်ပြန်ပို့ရန်အတွက် အမေရိကန်က ပါကစ္စတန်နိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
M/V Touska ကုန်တင်သင်္ဘောပေါ်တွင် ဖမ်းဆီးထားသည့် သင်္ဘောသား ၂၂ ဦးကို တနင်္ဂနွေနေ့ (မေ ၃) ညက ပါကစ္စတန်သို့ ခေါ်ဆောင်လာခဲ့ပြီး တနင်္လာနေ့ (မေ ၄) တွင် အီရန်အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "အီရန်သင်္ဘောကိုလည်း လိုအပ်သောပြုပြင်မှုများ ပြုလုပ်ပြီးနောက် မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန်အတွက် ပါကစ္စတန် ရေပိုင်နက်အတွင်းသို့ ပြန်လည်သယ်ယူလာမည်ဖြစ်သည်" ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပါကစ္စတန် နိုင်ငံက အဆိုပါလုပ်ဆောင်ချက်ကို အမေရိကန်၏ ယုံကြည်မှုတည်ဆောက်ရေး အစီအစဉ်တစ်ရပ်အဖြစ်ဖော်ပြခဲ့ပြီး နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို အမေရိကန်နှင့်အီရန် နှစ်နိုင်ငံလုံး၏ ပံ့ပိုးကူညီမှုဖြင့် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန် အလံလွှင့်ထူထားသော M/V Touska သင်္ဘောသည် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို ကျော်ဖြတ်ရန်ကြိုးပမ်းခဲ့ပြီး ၆ နာရီကြာ သတိပေးချက် များကို လျစ်လျူရှုခဲ့ပြီးနောက် ဧပြီလ ၁၉ ရက်နေ့တွင် အမေရိကန် တပ်ဖွဲ့များက ပစ်ခတ်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) က ယခင်က ထုတ်ပြန်ထားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,