အောင်ပွဲနေ့အခမ်းအနားကို နှောင့်ယှက်ပါက ဒုံးကျည်မိုးရွာမည်ဟု ရုရှားက ယူကရိန်းကို သတိပေး
ရုရှားနိုင်ငံ၏ အောင်ပွဲနေ့အခမ်းအနားများကိုနှောင့်ယှက်ရန် ကြိုးပမ်းလာပါက ကိယက်မြို့ကို ဒုံးကျည်မိုးရွာမည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ယူကရိန်းကိုသတိပေးစကားပြောလိုက်သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက မေလ ၉ ရက်တွင်ကျရောက်မည့် (၈၁) နှစ်မြောက်မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲနေ့အခမ်းအနားကို ယူကရိန်းဘက်က နှောင့်ယှက်ဖျက်ဆီးရန် စီစဉ်လာပါက တုံ့ပြန်မှုများပြုလုပ်မည်ဟုပြောထားခြင်းဖြစ်သည်။
ထို့ကြောင့် ကိယက်မြို့ရှိ အရပ်သားများနှင့် နိုင်ငံခြားသံတမန်များသည် မြို့အတွင်းမှ အချိန်မီထွက်ခွာရန် ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ အကြံပြုချက်ကို အလေးအနက်ထား လိုက်နာသင့်ကြောင်း ၎င်းက ဆိုသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ထိုအောင်ပွဲနေ့ကိုဂုဏ်ပြုသောအားဖြင့် မေလ၈ ရက်နှင့် ၉ ရက်တို့တွင် အပစ်အခတ်ရပ်စဲရန် ကြေညာထားသည်။ ထိုအပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၂၉ ရက်တွင်ပြုလုပ်သည့် တယ်လီဖုန်းဖြင့်ဆွေးနွေးမှုတွင် ထောက်ခံခဲ့သော်လည်း ယူကရိန်းသမ္မတ ဇီလန်စကီက ပယ်ချခဲ့သည့်အပြင် ရုရှားနိုင်ငံ၏ အခမ်းအနားများကို ဒရုန်းများဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားကြောင်း ရုရှားအစိုးရက ပြောသည်။
Ref: Sputnik
MWD

,
,
,