ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်နှင့် အီရန် တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အခြေအနေများ ပြန်လည်တည်ငြိမ်
ဟော်မုဇ်ရေလက်ကြားအတွင်းနှင့် ရေလက်ကြားတစ်လျှောက်တွင် အမေရိကန်နှင့် အီရန်တပ်ဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင် အခြေအနေများ ပြန်လည်တည်ငြိမ်သွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ကြသည်။ လွန်ခဲ့သည့် နာရီပိုင်းအတွင်းက နှစ်ဖက်တပ်ဖွဲ့များအကြား တင်းမာမှုများရှိခဲ့သော်လည်း ယခုအခါ ရေလက်ကြားအနီးရှိ အီရန် ကျွန်းများနှင့် ကမ်းရိုးတန်းမြို့များ၏ အခြေအနေမှာ ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်နေပြီဖြစ်ကြောင်း Press TV သတင်းဌာနက အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က သတင်းထုတ်ပြန်ရာတွင် ယခုအချိန်အထိ အရပ်သား ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရှိရသည်။ အီရန် နိုင်ငံတောင်ပိုင်း ဟော်မုဇ်ရေလက်ကြားနှင့် ထိစပ်နေသော ကမ်းရိုးတန်းနှင့် ကျွန်းစုများတည်ရှိရာ Hormozgan ပြည်နယ်ရှိ နိုင်ငံပိုင်မီဒီယာသတင်းထောက်၏ တင်ပြချက်အရ ဒေသတွင်း၌ စိုးရိမ်ဖွယ်ရာအခြေအနေများ မရှိတော့ကြောင်းနှင့် အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,