ဟော်မုဇ်ရေလက်ကြား၌ အမေရိကန်စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် အီရန်စစ်အခြေစိုက်စခန်းများကို အမေရိကန် ပြန်လည်တိုက်ခိုက်
မေလ ၇ ရက်နေ့က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေသည့် အမေရိကန် ရေတပ်ဖျက်သင်္ဘောများကို အီရန်ဘက်က ဒုံးကျည်များ၊ ဒရုန်းများနှင့် ရေယာဉ်ငယ်များအသုံးပြု၍ အကြောင်းမဲ့ ရန်စတိုက်ခိုက်ခဲ့သည့်အတွက် အမေရိကန်တပ်ဖွဲ့များက အီရန် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်အတွင်း အမေရိကန်ပိုင် USS Truxtun၊ USS Rafael Peralta နှင့် USS Mason ဖျက်သင်္ဘော ၃ စီးမှာ နိုင်ငံတကာရေကြောင်း လမ်းအတိုင်း အိုမန်ပင်လယ်ကွေ့သို့ ဦးတည်ခုတ်မောင်းနေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အမေရိကန်ဘက်မှ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိဘဲ အီရန်၏တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။
တုံ့ပြန်မှုအနေဖြင့် အမေရိကန်တပ်ဖွဲ့များသည် အီရန် နိုင်ငံအတွင်းရှိ ဒုံးကျည်နှင့် ဒရုန်းလွှတ်တင်ရေးစခန်းများ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနများနှင့် ထောက်လှမ်းရေးစခန်းများကို ‘မိမိကိုယ်ကို ခုခံကာကွယ်သည့် အနေဖြင့်’ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ တစ်ဖက်တွင်လည်း အီရန်နိုင်ငံပိုင် သတင်းဌာနက Qeshm ကျွန်းရှိ Bahman ဆိပ်ခံတံတားအနီးမှ ကုန်သွယ်ရေးအဆောက်အအုံများ ပစ်မှတ်ထားခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။
CENTCOM က ၎င်းတို့အနေဖြင့် ပဋိပက္ခများပိုမိုကြီးထွားလာစေရန် ဆန္ဒမရှိသော်လည်း မိမိတို့၏တပ်ဖွဲ့ဝင်များကို အကာအကွယ်ပေးရန် အတွက်မူ အမြဲတမ်းအသင့်ရှိနေကြောင်း ပြတ်ပြတ်သားသား သတိပေးပြောကြားထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,