ဂျာမနီနိုင်ငံတွင် စစ်သားစုဆောင်းရေး အစီအစဉ်သစ်အရ စစ်မှုထမ်းရန် မဖြစ်မနေ ဖြည့်စွက်ရမည့်မေးခွန်းလွှာများကို မဖြည့်စွက်သည့် လူငယ် များကို ဒဏ်ရိုက်ရန် စဉ်းစားနေကြောင်း Der Spiegel သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။ဘာလင်အစိုးရသည် ဥရောပသမဂ္ဂ၏ စစ်ရေးအင်အားတိုးချဲ့မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ဂျာမန်တပ်မတော် (Bundeswehr) ကို အလျင်အမြန် ချဲ့ထွင်ရန် ကြိုးပမ်းနေပြီး လက်ရှိရှိရင်းစွဲ စစ်သည်အင်အား ၁၈၆,၀၀၀ မှ ၂၀၃၀ ပြည့်နှစ်လယ်ပိုင်းတွင် ၂၆၀,၀၀၀ ကျော်အထိ တိုးမြှင့်ရန် ရည်မှန်း ထားသည်။ ဂျာမနီတာဝန်ရှိသူများက ရုရှား၏ခြိမ်းခြောက်မှု ရှိနေသည် ဟု အကြောင်းပြကာ ယခုအစီအစဉ်ကို လုပ်ဆောင်နေခြင်း ဖြစ်သော်လည်း မော်စကိုဘက်ကမူ ယင်းမှာ အဓိပ္ပာယ်မရှိသော စွပ်စွဲချက်သာဖြစ်ကြောင်း ပယ်ချထားသည်။အစိုးရ၏ အွန်လိုင်းစစ်တမ်းကိုဖြည့်စွက်ရန် သတိပေးချက်များ ပေးပို့ထားသော်လည်း လိုက်နာခြင်းမရှိသည့် အမျိုးသား ၁၀,၀၀၀ ခန့်မှာ ယခုအခါ ယူရို ၂၅၀ (ဒေါ်လာ ၂၉၄ ခန့်) ဒဏ်ရိုက်ခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကြာသပတေးနေ့ (မေ ၇) က သတင်းတွင် ဖော်ပြခဲ့သည်။ တာဝန်ရှိသူများက ယခင်က ဒဏ်ငွေ ယူရို ၁,၀၀၀ အထိ ချမှတ်နိုင်ကြောင်း သတိပေးခဲ့ဖူးသည်။ကာကွယ်ရေးဝန်ကြီး Boris Pistorius က တွန်းအားပေးနေသည့် စစ်မှုထမ်းစနစ်သစ်၏ အစိတ်အပိုင်းအဖြစ် ယခုနှစ်အစောပိုင်းတွင်အဆိုပါမေးခွန်းလွှာကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ယင်းမေးခွန်းလွှာတွင် ကိုယ်ကာယကြံ့ခိုင်မှု၊ ကျန်းမာရေးအခြေအနေနှင့် စစ်မှုထမ်းရန် ဆန္ဒရှိ၊ မရှိတို့ကို မေးမြန်းထားသည်။ စစ်မှုထမ်းဥပဒေအသစ်အရ အသက် ၁၈ နှစ်ပြည့်ပြီးသည့် ဂျာမန်အမျိုးသားအားလုံးသည် အဆိုပါပုံစံကိုဖြည့်စွက်ပြီး ဆေးစစ်မှုခံယူကာ စစ်မှုထမ်းရန်အတွက် စာရင်းပေးသွင်းရန် တာဝန်ရှိသည်။ယခုဥပဒေတွင် လက်နက်ကိုင်တပ်ဖွဲ့များ၌ လူအင်အားလိုအပ်ချက်နှင့်ရင်ဆိုင်ရပါက စစ်သားသစ်များကို မဲနှိုက်စနစ်ဖြင့် ဆင့်ခေါ်နိုင်ခြေရှိကြောင်းလည်း ပြဋ္ဌာန်းထားသည်။ ပြီးခဲ့သည့်မတ်လအတွင်းက အထက်တန်းကျောင်းသားထောင်ပေါင်းများစွာသည် စစ်မှုမထမ်းမနေရစနစ် ပြန်လည်ကျင့်သုံးလာစေမည့် လုပ်ဆောင်ချက်များကိုဆန့်ကျင်ရန် ဘာလင်မြို့ လမ်းမများပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။ဂျာမနီနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ဖျက်သိမ်းခဲ့သည်။ သို့သော်လည်း ဝန်ကြီး Pistorius အပါအဝင် အဆင့်မြင့်အရာရှိကြီးများက ယင်းစနစ်ကို ပြန်လည်ကျင့်သုံးရန် မကြာသေးမီက အရိပ်အမြွက် ပြောကြားခဲ့ကြသည်။ ရုရှားသည် ၂၀၂၈ ခုနှစ် ခန့်တွင် NATO အဖွဲ့ဝင် နိုင်ငံတစ်ခုကို တိုက်ခိုက်လာနိုင်ကြောင်း Pistorius က ပြီးခဲ့သည့်နှစ်တွင် ပြောကြားခဲ့ပြီး ကုန်ကျစရိတ်များပြားမည့် စစ်အင်အားတိုးချဲ့မှုကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ ဝန်ကြီးချုပ် Friedrich Merz ကလည်း ၎င်း၏နိုင်ငံ တပ်မတော်ကို ဥရောပသမဂ္ဂတွင် အင်အားအကြီးဆုံး သမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်လာစေရန် ရည်မှန်းထားကြောင်း အလားတူ ပြောဆိုထားသည်။မော်စကိုဘက်ကမူ ၎င်းတို့အနေဖြင့် အနောက်နိုင်ငံ အိမ်နီးချင်းများအပေါ် ကျူးကျော်လိုသည့် ရည်ရွယ်ချက်မရှိကြောင်း အစဉ်တစိုက် ငြင်းဆို ထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဂျာမနီ၏ အဆက်မပြတ်လုပ်ဆောင်နေသည့် စစ်ရေးချဲ့ထွင်မှု များအပေါ် မှတ်ချက်ပေးရာတွင် ယင်းသည် ဒုတိယကမ္ဘာစစ်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာဖြင့် နောက်ထပ်အဖြစ်ဆိုးတစ်ခုဆီသို့ ဦးတည်သွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ကိုးကား- RTဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Fri, 8-May-2026