ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့် ငွေကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် သိမ်းဆည်းရမိ

News Image

  • ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့် ငွေကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် သိမ်းဆည်းရမိ

နေပြည်တော် မေ ၅

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ငွေကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၆ ရက် နံနက် ၈ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရန်ကုန်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်သို့ထွက်ခွာမည့် လေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည် တာမွေ မြို့နယ် တာမွေကြီး (က+ဂ) ရပ်ကွက်နေ မျိုးညီညီဟိန်း (၃၂ နှစ်) နှင့် မနှင်းသဇင်ဦး (၂၉ နှစ်) တို့ထံမှ အိုက်စ် (မက်သ်အဖက်တမင်း) ၂၆ ဒသမ ၆ ကီလိုကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီတွင် အလားတူလေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်နေ တင်အောင်သန်း (၃၂ နှစ်)၊ မခင်သန္တာဝင်း (၃၃ နှစ်)၊ ရေတွင်းကုန်းရပ်ကွက်နေ ခင်မောင်သန်း (၄၁ နှစ်) နှင့် ချမ်းမြေ့ပိုင် (၂၄ နှစ်) တို့ လေးဦးထံမှ အိုက်စ် (မက်သ်အဖက် တမင်း) ၅၆ ဒသမ ၀၅ ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

ကွင်းဆက် ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် သိမ်းဆည်းရမိ အိုက်စ် (မက်သ် အဖက်တမင်း) များကို လက်ခံ၍ ပို့ဆောင်ပေးသည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ နိုင်ငံတကာကုန်စည် ပို့ဆောင်ရေးလုပ်ငန်း ကုမ္ပဏီရုံးခန်းကို ဝင်ရောက်ရှာဖွေရာ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာတောင်ညွန့်ရပ်ကွက်နေ မထက်ဧကရီ (၂၃ နှစ်) နှင့် ဖို့မြေရပ်ကွက်နေ မကြယ်စင်လင်းလဲ့ (၁၉ နှစ်) တို့ နှစ်ဦးထံမှ အိုက်စ် (မက်သ်အဖက်တမင်း) ၉ ဒသမ ၅ ကီလိုကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရန်အပ်နှံသူ အောင်မြေသာစံမြို့နယ် နှင်းဆီတန်ဖိုးနည်းအိမ်ရာနေ အောင်ကျော်ဝင်း (ခ) အောင်အောင် (၄၁ နှစ်) နှင့် ၎င်း၏ဇနီး မသန္တာလွင် (၄၆ နှစ်) တို့အား လားရှိုးမြို့ ရပ်ကွက် (၂) ရှိ ဟိုတယ်၌ အိုက်စ် (မက်သ်အဖက်တမင်း) တစ်ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၃၁၆၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၉၃ ဒသမ ၁၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

 

ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရန် စေခိုင်းသူမှာ သီပေါမြို့နယ် လင်တိကျေးရွာနေ လောက်ချီ (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

MOHA