ဟော်မုရေလက်ကြားတွင် အမေရိကန်နှင့် အီရန်တို့ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွား
တီဟီရန်၊ စစ်ရေး
ဟော်မုရေလက်ကြား၌ အမေရိကန်နှင့် အီရန်တို့ကြား မေလ ၇ ရက်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားရာ တစ်လကြာ အပစ်အခတ်ရပ်စဲရေးကို အကြီးမားဆုံး စိန်ခေါ်လျက်ရှိကြောင်း သိရသည်။ ယင်းသို့တိုက်ခိုက်မှုများ ဖြစ်ပွားသော်လည်း အခြေအနေများမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဖြစ်ကြောင်း အီရန်ဘက်က မေလ ၈ ရက်တွင်ဆိုသကဲ့သို့ အမေရိကန်ကလည်း စစ်ပွဲကိုထပ်မံ မချဲ့ထွင်လိုကြောင်း ထုတ်ဖော်ပြောထားသည်။
အမေရိကန်သည် ဟော်မုရေလက်ကြားသို့ ဝင်ရောက်လာသည့် သင်္ဘောနှစ်စင်းကို ပစ်မှတ်ထားခဲ့သည့်အပြင် ကက်ကျွန်းနှင့် ကုန်းတွင်းပိုင်းဒေသများရှိ အရပ်သားနယ်မြေများကိုပါ လေကြောင်းမှ တိုက်ခိုက်မှု လုပ်သည်ဟု အီရန်တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ အီရန်၏ ဒုံးကျည်များ၊ ဒရုန်းများနှင့် စက်လှေငယ်များဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်း ဒေသစစ်ဌာနချုပ်ကပြောသည်။ ထို့ပြင်ယင်းတိုက်ခိုက်မှုသည် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်မှုမရှိကြောင်းနှင့် အီရန်နှင့် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောသည်။ နှစ်နိုင်ငံကြား စစ်ပွဲအဆုံးသတ်စေရေး အဆိုပြုချက်များကို နှစ်ဖက်စလုံးက လေ့လာသုံးသပ်နေစဉ် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။
MWD

,
,