ဗင်နီဇွဲလားနိုင်ငံရှိ သန့်စင်ပြီးယူရေနီယံများကို အမေရိကန် သိမ်းဆည်းရယူ
ဗင်နီဇွဲလားနိုင်ငံရှိ အဆင့်မြင့် သန့်စင်ပြီးယူရေနီယံများအားလုံးကို ဖယ်ရှားရယူနိုင်ပြီဖြစ်ကြောင်း အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက မေလ ၈ ရက်တွင် ကြေညာသည်။ ထိုလုပ်ဆောင်ချက်သည် အမေရိကန်နှင့် တစ်ကမ္ဘာလုံးအတွက် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ဗင်နီဇွဲလားရှိ သုတေသနဓာတ်ပေါင်းဖိုဟောင်းတစ်ခုမှ ကျန်ရှိနေသည့် သန့်စင်ပြီးယူရေနီယံ ၁၃ ဒသမ ၅ ကီလိုဂရမ်ကို ဖယ်ရှားကာ ပြန်လည်ပြုပြင်အသုံးချနိုင်ရန် အမေရိကန်သို့ လွှဲပြောင်းယူဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုခြေလှမ်းသည် ဗင်နီဇွဲလားနိုင်ငံ၏ ပြန်လည်နိုးထမှုကို ကမ္ဘာသို့ပြသလိုက်ခြင်းဖြစ်ပြီး သမ္မတထရမ့်၏ ပြတ်သားသောဦးဆောင်မှုကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်သည် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရိုကို ဇန်နဝါရီလအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ပြီး ယခုယူရေနီယံဖယ်ရှားမှုကို ဗင်နီဇွဲလားနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုယူရေနီယံများသည် ၁၉၅၀ ပြည့်လွန်နှစ်များမှ ၁၉၇၀ ပြည့်လွန်နှစ်များအထိ ကျင့်သုံးခဲ့သော “Atoms for Peace” အစီအစဉ်အရ ကရာကပ်မြို့အနီး၌ တည်ဆောက်ခဲ့သည့် အရပ်ဘက်သုံး ဓာတ်ပေါင်းဖိုမှဖြစ်ကြောင်း သိရသည်။
Ref: RT
MWD
