ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသည့် အပျော်စီးသင်္ဘောမှ အမေရိကန် နိုင်ငံသားများ နေရပ်ပြန်ရောက်

News Image

  • ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသည့် အပျော်စီးသင်္ဘောမှ အမေရိကန် နိုင်ငံသားများ နေရပ်ပြန်ရောက်

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေသည့် MV Hondius အပျော်စီးသင်္ဘောပေါ်မှ အမေရိကန်နိုင်ငံသား (၁၇) ဦးနှင့် အမေရိကန်တွင် နေထိုင်သည့် ဗြိတိန်နိုင်ငံသားတစ်ဦးတို့သည် စပိန်နိုင်ငံ၊ တီနီရိဖ်ကျွန်းမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ အဆိုပါ ခရီးသည်များအနက် တစ်ဦးတွင် ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိထားပြီး နောက်တစ်ဦးမှာ ရောဂါလက္ခဏာ အနည်းငယ်ပြသနေသဖြင့် ၎င်းတို့အား လေယာဉ်ပေါ်တွင် သီးသန့်ခန်း (Biocontainment units) များဖြင့် ဂရုတစိုက် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ခရီးသည်များအားလုံးသည် နေရပ်သို့တိုက်ရိုက်မသွားမီ နီဘရားစကား တက္ကသိုလ် ဆေးဘက်ဆိုင်ရာဌာန (UNMC) ရှိ အမျိုးသား သီးသန့်စောင့်ကြည့်ရေးဌာန (National Quarantine Unit) သို့ ပထမဦးဆုံး ရောက်ရှိမည်ဖြစ်သည်။ ၎င်းဌာနသည် အမေရိကန်နိုင်ငံတွင် တစ်ခုတည်းသော အစိုးရရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသည့် အထူးကူးစက်ရောဂါ စောင့်ကြည့်ရေးစင်တာဖြစ်သည်။ ပိုးတွေ့ရှိထားသည့်ခရီးသည်ကို ကုသမှုပေးရန်အတွက် အထူးထိန်းချုပ်ဆောင်သို့ တိုက်ရိုက်ပို့ဆောင်မည်ဖြစ်ပြီး ကျန်ခရီးသည်များကိုမူ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် စင်တာ၌ ခေတ္တထားရှိမည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ထိုဟန်တာဗိုင်းရပ်စ် အမျိုးအစား (Andes virus) သည် ပုံမှန်အားဖြင့် ကြွက်များမှတစ်ဆင့် ကူးစက်တတ်သော်လည်း ယခုဖြစ်စဉ်တွင် လူအချင်းချင်း နီးကပ်စွာထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ခြေရှိနေကြောင်း သိရှိရသည်။ ဧပြီလ ၁၁ ရက်နေ့မှစတင်ကာ အဆိုပါသင်္ဘောနှင့်ဆက်စပ်၍ လူ ၃ ဦး သေဆုံးခဲ့ပြီး လက်ရှိတွင် ပိုးတွေ့ရှိသူနှင့် သံသယရှိသူ စုစုပေါင်း ၈ ဦး ရှိနေပြီဖြစ်သည်။ ကူးစက်ခံရပါက ကိုယ်ပူခြင်း၊ ကြွက်သားနာကျင်ခြင်း၊အော့အန်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) အနေဖြင့် အဆိုပါခရီးစဉ်တွင် လိုက်ပါခဲ့သူများကို ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိပြီး အတင်းအကျပ်သီးသန့်ခွဲထားခြင်း (Quarantine) မျိုး မဟုတ်ကြောင်း ဆိုသည်။ ခရီးသည်များသည် နီဘရားစကားတွင် စစ်ဆေးမှုများခံယူပြီးနောက် အန္တရာယ်မရှိဟုယူဆပါက နေရပ်သို့ ပြန်ခွင့်ရမည်ဖြစ်သည်။ သို့သော် နေရပ်သို့ရောက်ရှိချိန်တွင်လည်း ၄၂ ရက်ကြာ နေ့စဉ်ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုများကို ဆက်လက်ခံယူရမည်ဖြစ်သည်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်ကမူ အဆိုပါဖြစ်စဉ်သည် COVID-19 ကဲ့သို့ ကပ်ရောဂါမျိုးမဟုတ်ဘဲ အများပြည်သူအတွက် အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးကြောင်းနှင့် လိုအပ်သည့် ကြိုတင်ကာကွယ်မှုများကို စနစ်တကျဆောင်ရွက်နေကြောင်းပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး