ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ ရာထူးမှနုတ်ထွက်ရန် အလုပ်သမားပါတီအမတ်များ ဖိအားပေးတောင်းဆိုနေ
ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သော ယူကေဒေသန္တရ ရွေးကောက်ပွဲများတွင် အလုပ်သမားပါတီသည် တစ်နိုင်ငံလုံး၌ ကောင်စီအမတ် နေရာပေါင်း ၁,၃၀၀ ကျော်အထိ ဆုံးရှုံးခဲ့ရပြီးနောက် ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) သည် ရာထူးမှနုတ်ထွက်ရန် ပြင်းထန်သော ဖိအားများနှင့် ရင်ဆိုင်နေရသည်။
အလုပ်သမားပါတီ လွှတ်တော်အမတ် အနည်းဆုံး ၇၀ ကျော်က ၎င်းကို ရာထူးမှဆင်းပေးရန် တောင်းဆိုထားကြပြီး အစိုးရအဖွဲ့ဝင် အငယ်တန်း အရာရှိသုံးဦးလည်း ရာထူးမှနုတ်ထွက်သွားခဲ့ကြသည်။ ပါတီ၏စည်းမျဉ်းအရ အမတ် ၈၁ ဦး၏ ထောက်ခံမှုရရှိပါက ခေါင်းဆောင်မှုပိုင်းကို တရားဝင် စိန်ခေါ်နိုင်မည်ဖြစ်ရာ လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် အလုပ်သမား ပါတီအမတ်ဖြစ်သူ ကက်သရင်း ဝက်စ် (Catherine West) က ခေါင်းဆောင် သစ်ရွေးချယ်နိုင်ရေးအတွက် ထောက်ခံမှုများ စုဆောင်းလျက်ရှိသည်။
စတာမာသည် ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် လူကြိုက်နည်းသော ချွေတာရေးမူဝါဒများ၊ လူဝင်မှုကြီးကြပ်ရေးဆန့်ကျင်ရေး ဆူပူမှုများအပေါ် တုံ့ပြန်ပုံနှင့် ပါလက်စတိုင်းလိုလားသောအဖွဲ့တစ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ခြင်းတို့ကြောင့် လူထုထောက်ခံမှု သိသိသာသာ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ YouGov ၏ နောက်ဆုံးစစ်တမ်းအရ ဗြိတိန်နိုင်ငံသား ထက်ဝက်ခန့်က ၎င်းကို ရာထူးမှ ဆင်းစေလိုကြသည်။ အခြားတစ်ဖက်တွင်လည်း လူဝင်မှုကြီးကြပ်ရေးဆန့်ကျင်သည့် Reform UK ပါတီသည် ဒေသန္တရရွေးကောက်ပွဲ၌ အမတ်နေရာ ၁,၂၀၀ ကျော်အထိ ရရှိကာ အကြီးမားဆုံး အောင်ပွဲခံနိုင်ခဲ့သည်။
ဝန်ကြီးချုပ် စတာမာကမူ ယခုရှုံးနိမ့်မှုကို ဖုံးကွယ်၍မရနိုင်ကြောင်း ဝန်ခံခဲ့သော်လည်း ရာထူးမှနုတ်ထွက်မည်မဟုတ်ဘဲ အီးယူနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ကာ နိုင်ငံသားများ၏ ယုံကြည်မှုကို ပြန်လည်ရယူသွားမည်ဟု ခိုင်မာစွာ တုံ့ပြန်ပြောကြားထားပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
