လစ်ဗျားတွင် လူဦးရေငါးသိန်းကျော် ဥရောပသို့ဝင်ရောက်ရန် စောင့်ဆိုင်းနေပြီး ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းသစ်ဖြစ်ပေါ်လာနိုင်ဟု ဂရိ ဝန်ကြီး သတိပေး

News Image

  • လစ်ဗျားတွင် လူဦးရေငါးသိန်းကျော် ဥရောပသို့ဝင်ရောက်ရန် စောင့်ဆိုင်း နေပြီး ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းသစ်ဖြစ်ပေါ်လာနိုင်ဟု ဂရိ ဝန်ကြီး သတိပေး

လစ်ဗျားတစ်နိုင်ငံတည်းတွင်ပင် လူဦးရေငါးသိန်းကျော်သည် ဥရောပသို့ ဖြတ်ကျော်ဝင်ရောက်ရန် စောင့်ဆိုင်းနေကြပြီး ဥရောပသမဂ္ဂ (EU) အနေဖြင့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အကျပ်အတည်းသစ်တစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အခြေအနေတွင်ရှိနေကြောင်း ဂရိရွှေ့ပြောင်းနေထိုင်မှု ဆိုင်ရာဝန်ကြီး Thanos Plevris က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် ၂၀၁၅ ခုနှစ် ဒုက္ခသည် အကျပ်အတည်းကာလအတွင်း အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတို့မှ ခိုလှုံခွင့်တောင်းခံသူ တစ်သန်းခန့် ဝင်ရောက်လာမှုကို ပထမဆုံးအကြိမ် အကြီးအကျယ် ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်က ရွှေ့ပြောင်းနေထိုင်သူအများအပြား ဝင်ရောက်လာမှု ကြောင့် လူမှုဖူလုံရေးစနစ်များအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပြီး ဥရောပ မဲဆန္ဒရှင် သန်းပေါင်းများစွာကို လက်ယာယိမ်း နိုင်ငံရေးပါတီများဘက် သို့ ယိမ်းယိုင်သွားစေခဲ့သည်။

UNHCR ၏ အချက်အလက်များအရ ဂရိနိုင်ငံသည် ဥရောပသမဂ္ဂ အတွင်းသို့ အဓိက ဝင်ရောက်ရာလမ်းကြောင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိ နေပြီး ၂၀၂၅ ခုနှစ်တွင် ဝင်ရောက်လာသူ ၄၈,၇၇၁ ဦးရှိခဲ့ကြောင်း သိရှိရသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏ ထုတ်ပြန်ချက် အရ ယခုနှစ် မေလ ၃ ရက်နေ့အထိ မြေထဲပင်လယ်ဒေသရှိ နိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်သူနှင့် ဒုက္ခသည် ၇,၅၈၉ ဦး ရောက်ရှိလာခဲ့သည့်အနက် ၅,၆၁၅ ဦးမှာ ရေကြောင်းမှတစ်ဆင့် ဝင်ရောက်လာသူများ ဖြစ်ကြသည်။

အေသင်အစိုးရသည် လွန်ခဲ့သောနှစ်များအတွင်း ရွှေ့ပြောင်းဝင်ရောက်မှုများကို ဟန့်တားရန်အတွက် တင်းကျပ်သော မူဝါဒအစီအမံများကို ချမှတ်ခဲ့ပြီး ယင်းတို့အနက် ခိုလှုံခွင့်ငြင်းပယ်ခံရသူများကို ထိန်းသိမ်းထားခြင်းလည်း ပါဝင်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မေ ၁၀) က အခြေအနေနှင့်ပတ်သက်၍ မှတ်ချက်ပေးရာတွင် Plevris က ဂရိနိုင်ငံသည် တရားမဝင်နေထိုင်မှုကို ရာဇဝတ်မှုအဖြစ် ပထမဆုံးသတ်မှတ်သည့် နိုင်ငံဖြစ်ကြောင်းနှင့် အကာအကွယ်ပေးရန်ငြင်းပယ်ခံရသူများကို လွတ်လပ်စွာ သွားလာခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ခိုလှုံခွင့်ရရှိရန် အရည်အချင်းမပြည့်မီသူများကို ထိန်းသိမ်းသွားမည်ဖြစ်သည်” ဟု ဝန်ကြီးက ပြည်တွင်းရုပ်သံဌာနတစ်ခုသို့ ပြောကြားခဲ့ပြီး အေသင်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်သော်လည်း နယ်စပ်ဒေသများကိုကာကွယ်ရန်အတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။

၎င်းက လစ်ဗျားနိုင်ငံ၏အခြေအနေမှာ ၎င်း၏ နိုင်ငံနှင့် ဥရောပသမဂ္ဂတို့ ရင်ဆိုင်နေရသော အကြီးမားဆုံးပြဿနာဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ Plevris ၏ ပြောကြားချက်အရ လူဦးရေ ၅၅၀,၀၀၀ ခန့်သည် လစ်ဗျားတွင် စုဝေးနေကြပြီး ဥရောပသို့ဝင်ရောက်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း Plevris က ခိုလှုံခွင့် ငြင်းပယ်ခံရသူများအတွက် ဥရောပသမဂ္ဂနယ်နိမိတ်ပြင်ပတွင် ‘ပြန်လည် ပို့ဆောင်ရေး ဗဟိုစခန်းများ’ (Return hubs) တည်ဆောက်ရန် ဂျာမနီ၊ နယ်သာလန်၊ သြစတြီးယားနှင့် ဒိန်းမတ်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကြေညာခဲ့ပြီး အာဖရိကတိုက်ကို အဓိကထား ပို့ဆောင်မည့်နေရာအဖြစ် သတ်မှတ်ထားသည်။

လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် နေတိုး (NATO) ကျောထောက်နောက်ခံပြုထားသော တော်လှန်ရေးကြောင့် ရေရှည်အုပ်ချုပ်ခဲ့သူ မူအမ်မာ ကဒါဖီ ရာထူးမှ ပြုတ်ကျပြီး လုပ်ကြံခံရပြီးနောက်ပိုင်း မြေထဲပင်လယ်မှတစ်ဆင့် ဥရောပသို့လူကုန်ကူးမှုနှင့် ရွှေ့ပြောင်းဝင်ရောက်မှုများအတွက် အဓိကအချက်အချာကျသောနေရာ ဖြစ်လာခဲ့သည်။ ဥရောပသမဂ္ဂသည် ၂၀၁၅ ခုနှစ်မှစ၍ ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းရန် ရုန်းကန်နေရပြီး ဂရိ၊ အီတလီနှင့် စပိန်နိုင်ငံတို့မှာ မြေထဲပင်လယ်ကို ဖြတ်ကျော်ဝင်ရောက်လာသူ အများဆုံးလက်ခံရရှိသည့် နိုင်ငံများဖြစ်ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး