တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ပေကျင်းမြို့တော်ရှိ ကောင်းကင်ဘုံဘုရားကျောင်းသို့ လည်ပတ်
ပေကျင်း မေ ၁၄
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ပေကျင်းမြို့တော်ရှိ ကောင်းကင်ဘုံဘုရားကျောင်း (Temple of Heaven) သို့ ယနေ့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦးက ဘုရားကျောင်းရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်ပြီး လှည့်လည်ကြည့်ရှုကြသည်။
ရှေးအခါက ကောင်းကင်ဘုံဘုရားကျောင်းတွင် နိုင်ငံတော် ထုံးတမ်းဓလေ့များ ကျင်းပခဲ့ကြောင်း၊ ထိုအချိန်က တရုတ်ခေါင်းဆောင်များသည် နိုင်ငံတော် သာယာဝပြောရေး၊ လူမှုရေးသဟဇာတဖြစ်မှုနှင့် ရာသီဥတုကောင်းမွန်ရန်၊ ကောက်ပဲသီးနှံများ အထွက်ကောင်းစေရန် ဆုတောင်းခဲ့ကြကြောင်း သမ္မတ ရှီက သမ္မတထရမ့်အား ပြောကြားသည်။
ပြည်သူများသည် နိုင်ငံတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အခြေခံအုတ်မြစ် ခိုင်မာမှသာလျှင် နိုင်ငံတော် တည်ငြိမ်အေးချမ်းမည်ဆိုသည့် တရုတ်ရိုးရာအယူအဆကို ရောင်ပြန်ဟပ်နေကြောင်း သမ္မတရှီက ပြောကြားသည်။
တရုတ်ကွန်မြူနစ်ပါတီက တရုတ်ယဉ်ကျေးမှုတွင် အမြစ်တွယ်နေသည့် လူထုဗဟိုပြုအတွေးအခေါ်ကို အမွေဆက်ခံပြီး မျိုးဆက်သစ်များဆီသို့ လက်ဆင့်ကမ်းအမွေပေးလျက်ရှိကြောင်း သမ္မတရှီက ပြောကြားသည်။
ပြည်သူများ၏ ဆန္ဒကို အဓိကလိုက်လျော ဖြည့်ဆည်းပေးမည်ဆိုသည့် ကွန်မြူနစ်ပါတီ၏ အခြေခံကတိကဝတ်ကို လိုက်နာခြင်းဖြင့် ပါတီသည် တရုတ်ပြည်သူများ၏ ခိုင်မာသောထောက်ခံမှု ကို ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော်ခရီးစဉ်အဖြစ် မေ ၁၃ ရက်တွင် တရုတ်နိုင်ငံ မြို့တော်ပေကျင်းသို့ ရောက်ရှိခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ထရမ့်၏ အဆိုပါခရီးစဉ်သည် မေ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်ကြာမြင့်မည်ဖြစ်သည်။
ယခုခရီးစဉ်သည် ကိုးနှစ်နီးပါးအတွင်း တရုတ်နိုင်ငံသို့ လာရောက်သည့် ပထမဆုံး အမေရိကန်သမ္မတ၏ ခရီးစဉ်တစ်ခုဖြစ်သည့်အပြင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း သမ္မတဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်းဖြစ်သည်။
ခေါင်းဆောင်နှစ်ဦးက နှစ်နိုင်ငံဆက်ဆံရေး အပါအဝင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
သမ္မတ ထရမ့်ကို လေဆိပ်၌ တရုတ်ဒုတိယသမ္မတ ဟန်ကျိန့်က ကြိုဆိုခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်
MDN
