တရုတ်နှင့်အမေရိကန် ဆက်ဆံရေးပြေလည်စေရန် တည်ဆောက်ရမည်ဖြစ်ပြီး မည်သည့်အခါမျှ အပျက်အစီးမခံသင့်ကြောင်း ရှီကျင့်ဖျင် ပြောကြား
နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အား တည်ခင်းဧည့်ခံသည့် အဖွင့်နှုတ်ခွန်းဆက်စကား၌ တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင်က တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင်အကျိုးဆက်အကြီးမားဆုံး ဆက်ဆံရေးဖြစ်ကြောင်းဖော်ပြခဲ့ပြီး နှစ်ဖက်စလုံး အနေဖြင့် "မည်သည့်အခါမျှ အပျက်အစီးမခံသင့်ကြောင်း" ပြောကြားခဲ့သည်။
“ဒီနေ့မှာ သမ္မတ ထရမ့်နဲ့ ကျွန်တော်ဟာ တရုတ်-အမေရိကန် ဆက်ဆံရေး၊ နိုင်ငံတကာနဲ့ ဒေသတွင်းဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ် နက်နက်ရှိုင်းရှိုင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်၊ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေး ဖြစ်တယ်ဆိုတာကို ကျွန်တော် တို့နှစ်ဦးစလုံး ယုံကြည်ပါတယ်၊ ကျွန်တော်တို့ဟာ ဒီဆက်ဆံရေးကို အဆင်ပြေအောင်တည်ဆောက်ရမှာဖြစ်ပြီး ဘယ်တော့မှ အပျက်အစီးမခံသင့်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက “တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးဟာ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ်ရရှိမှာဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုကနေ ဆုံးရှုံးမှုတွေ ရှိလာမှာပါ၊ ကျွန်တော်တို့ နှစ်နိုင်ငံဟာ ပြိုင်ဘက်တွေထက်စာရင် မိတ်ဖက်တွေသာဖြစ်သင့်ပါတယ်” ဟု ထပ်လောင်း ပြောကြားခဲ့သည်။
“တရုတ်-အမေရိကန် ဆက်ဆံရေးတည်ငြိမ်ကောင်းမွန်ပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ဖို့နဲ့ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး၊သာယာဝပြောရေးနဲ့ တိုးတက်မှုတွေကို ပိုမိုဆောင်ကြဉ်းပေးနိုင်ဖို့အတွက် မဟာဗျူဟာမြောက်တည်ငြိမ်မှုရှိတဲ့ အပြုသဘောဆန်သော တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ဆောက်သွားဖို့ သမ္မတထရမ့်နဲ့ ကျွန်တော် သဘောတူခဲ့ကြပါတယ်” ဟုလည်း ဆိုခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
