ရှီကျင့်ဖျင်နှင့် ဒေါ်နယ်ထရမ့်တို့ ပေကျင်းမြို့၌ တွေ့ဆုံ၊ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆက်ဆံရေး တည်ဆောက်ရန် သဘောတူ

News Image

  • ရှီကျင့်ဖျင်နှင့် ဒေါ်နယ်ထရမ့်တို့ ပေကျင်းမြို့၌ တွေ့ဆုံ၊ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆက်ဆံရေး တည်ဆောက်ရန် သဘောတူ

    တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် မေလ ၁၄ ရက်တွင် ပေကျင်းမြို့ရှိ Great Hall of the People ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။  ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား မဟာဗျူဟာမြောက် ဆက်ဆံရေးကို တည်ဆောက်သွားရန် သဘောတူကြောင်း  တရုတ်သမ္မတရှီကျင့်ဖျင်ကပြောသည်။

ထို့ပြင် ယနေ့ကမ္ဘာ့အခြေအနေများက ရာစုနှစ်တစ်ခုအတွင်း မတွေ့ကြုံဖူးသည့် ပြောင်းလဲမှုများ အရှိန်အဟုန်မြင့်ဖြစ်ပွားလာနေကြောင်း၊ နိုင်ငံတကာအခြေအနေသည်လည်း မတည်မငြိမ်ရှုပ်ထွေးမှုများဖြစ်ပေါ်နေကြောင်း၊ အင်အားကြီးနိုင်ငံနှင့် အင်အားကြီးထွားလာဆဲနိုင်ငံတို့ကြားရှိ ဆက်ဆံရေးအခြေအနေ၊  အတူရင်ဆိုင်ဖြေရှင်းရမည့် ကမ္ဘာ့ရေးရာစိန်ခေါ်မှုများ အစရှိသည့်မေးခွန်းများအတွက် ကမ္ဘာ့ခေါင်းဆောင်များ အားလုံးက အတူတကွ အဖြေပေးရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်ကပြောသည်။

အမေရိကန်နှင့် မဟာဗျူဟာမြောက် ဆက်ဆံရေး တည်ဆောက်ရာတွင်လည်း အမြင်သစ်ဖြင့်  တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ထိုအမြင်သစ်က လာမည့် သုံးနှစ်တာကာလနှင့်  နောက်ပိုင်းအထိ နှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက်လမ်းညွှန်မှုကို   ပေးသွားမည်ဖြစ်ကြောင်းနှင့်   ထိုအမြင်သစ်ကို နှစ်နိုင်ငံပြည်သူများနှင့်  နိုင်ငံတကာအသိုက်အဝန်းက လက်ခံရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ဆက်ပြောသည်။

အလားတူ နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရေးအတွက် ရှီကျင့်ဖျင်နှင့်အတူ လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိနေကြောင်း၊ နှစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးနှင့် အရေးအပါဆုံးသော အင်အားကြီးနိုင်ငံများဖြစ်သောကြောင့် နှစ်နိုင်ငံသမ္မတများ အနေဖြင့် နှစ်နိုင်ငံအတွက်သာမက ကမ္ဘာကြီးအတွက်ပါ ကြီးမားပြီးကောင်းမွန်သည့်အရာများကို   ပိုမိုလုပ်ဆောင်နိုင်ကြောင်း ဒေါ်နယ်ထရမ့်ကပြောသည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများကို ဆွေးနွေးကြောင်း သိရသည်။

MWD