မော်စကိုဒေသအတွင်း ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် အိန္ဒိယအလုပ်သမားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရကာ အရပ်သား ထိခိုက်မှုများပြား
ရုရှားနိုင်ငံ မော်စကိုဒေသအတွင်းသို့ ယူကရိန်းက ကာမီကာဇေ ဒရုန်းများဖြင့် ညလုံးပေါက် အကြီးအကျယ်တိုက်ခိုက်ခဲ့ရာ အဆိုပါဒေသတွင် လုပ်ကိုင်နေသည့် အိန္ဒိယနိုင်ငံသား အလုပ်သမားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ရုရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
ယခုတိုက်ခိုက်မှုသည် တစ်နှစ်ကျော်ကာလအတွင်း မော်စကိုဒေသကို ထိခိုက်စေခဲ့သည့် အကြီးမားဆုံးသော ဒရုန်းတိုက်ခိုက်မှုဖြစ်ပြီး အိန္ဒိယ သံရုံးမှတာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာနေရာနှင့် ဆေးရုံများသို့ သွားရောက်ကာ ထိခိုက်ခံရသူများကို ကူညီပေးလျက်ရှိကြောင်းနှင့် ဒေသခံ အာဏာပိုင်များ၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရှိရသည်။
တစ်ချိန်တည်းမှာပင် မော်စကိုဒေသန္တရအုပ်ချုပ်ရေးမှူး Andrey Vorobyev၏ ပြောကြားချက်အရ ဒေသအနှံ့တိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သားသုံးဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသော်လည်း အဆိုပါသေဆုံးစာရင်းတွင် အိန္ဒိယနိုင်ငံသားများ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ ချက်ချင်း အတည်မပြုနိုင်သေးပေ။
ကိယက်ဗ် အစိုးရသည် ပြီးခဲ့သည့် မတ်လလယ်ပိုင်းကတည်းက Fixed-wing UAV ရာပေါင်းများစွာကို အသုံးပြုကာ ရုရှားနိုင်ငံအတွင်းသို့ နေ့စဉ် နီးပါး တာဝေးပစ်ဒရုန်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ မော်စကိုအာဏာပိုင်များက ယခုလုပ်ရပ်သည် အရပ်ဘက်နေရာများနှင့် အခြေခံအဆောက်အအုံများကို ခွဲခြားမှုမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသည့် အကြမ်းဖက်မှုဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံသည်လည်း ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများနှင့် စွမ်းအင်ကဏ္ဍ ကဲ့သို့သော စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံး အခြေခံအဆောက်အအုံများကို တာဝေးပစ်လက်နက်များဖြင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်လျက်ရှိသည်။ ရုရှားဘက်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုများသည် ပစ်မှတ်ကို သေချာစွာ ရွေးချယ်တိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သားသီးသန့်နေရာများကို မည်သည့်အခါမျှ ပစ်မှတ်ထားခြင်းမရှိကြောင်း အခိုင်အမာ ပြောဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
