ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၆၂ ဦး ဖမ်းဆီးရမိ
နေပြည်တော် မေ ၂၀
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါ ဒုစရိုက်မှုနှိမ်နင်းရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ လုပ်ငန်းသုံးပစ္စည်းများကို လည်းကောင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခဲ့သည့် တရားမဝင် ပြည်ပနိုင်ငံသား ၅၁ ဦးနှင့် မြန်မာ နိုင်ငံသား ၁၁ ဦးတို့ကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
လုံခြုံရေးပူးပေါင်းအဖွဲ့သည် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများအရ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်အတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို လုပ်ဆောင်စဉ် ယနေ့ နံနက် ၁၀ နာရီခန့်တွင် မိုင်းခတ်မြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု ဖားငင်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၀၈၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလျားပေ ၁၈၀ အနံပေ ၅၀ ရှိ လူနေတဲ နှစ်လုံး၊ အလျားပေ ၂၀ အနံ ၁၅ ပေရှိ လူနေ တဲ နှစ်လုံး၊ ၁၅ ပေ ပတ်လည်ရှိ လူနေတဲ ခုနစ်လုံး၊ အလျား ပေ ၆၀ အနံပေ ၃၀ ရှိ လုပ်ငန်းသုံးတဲ နှစ်လုံး၊ ပေ ၃၀ ပတ်လည်ရှိ ထမင်းစားဆောင် နှစ်လုံး၊ ကွန်ပျူတာ ဖလက်ပြား (မော်နီတာ) ခြောက်လုံး၊ မီးစက် (အလတ်) တစ်လုံး၊ မီးစက် (အကြီး) နှစ်လုံး၊ Power Station (အကြီး) တစ်လုံး၊ စားပွဲခုံ ၁၈ လုံး၊ ကုလားထိုင် ကော်ခုံ ၃၁ လုံး၊ ရေခဲသေတ္တာ နှစ်လုံးနှင့် ဂက်စ်အိုး တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှာဖွေဖော်ထုတ်မှုများ ဆက်လက်ဆောင်ရွက်ရာ ဖားငင်ကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၉၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျားပေ ၅၀ အနံ ၁၅ ပေရှိ လူနေတဲ သုံးလုံး၊ အလျား ၁၀ ပေ အနံ ခြောက်ပေရှိ လူနေတဲ နှစ်လုံး၊ ခုနစ်ပေပတ်လည်ရှိ လူနေတဲ တစ်လုံး၊ အလျား ပေ ၄၀ အနံ ၁၅ ပေရှိ စားချက်ဆောင် တစ်လုံး၊ အလျားပေ ၄၀ အနံ ၁၅ ပေရှိ ထမင်းစားဆောင် တစ်လုံး၊ အလျားပေ ၄၀ အနံ ၁၀ ပေရှိ ဆောက်လုပ်ဆဲလူနေတဲ တစ်လုံး၊ အလျားပေ ၄၀ အနံပေ ၂၀ ရှိ လုပ်ငန်းသုံးတဲ တစ်လုံး၊ မီးစက် တစ်လုံး၊ ကွန်ပျူတာ ဖလက်ပြား (မော်နီတာ) သုံးလုံး၊ CPU တစ်လုံး၊ ရေခဲသေတ္တာ နှစ်ခန်းတွဲ တစ်လုံး၊ စားပွဲခုံ ၁၈ လုံးနှင့် ကုလားထိုင် (ကော်ခုံ) အလုံး ၆၀ တို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့ သည် ရှာဖွေဖော်ထုတ်မှုများ ဆက်လက်ဆောင်ရွက်ရာ ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဖားငင်ကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၂၂၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၂၀ ကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ အနောက် တောင်ဘက် မီတာ ၂၈၀၀ ခန့် အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား ၁၄ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးနှင့် ဖုန်းမျိုးစုံ ၁၂ လုံးတို့ကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ တောင်ဘက်မီတာ ၂၁၀၀ အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား ၁၅ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီးတစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး သုံးဦးနှင့် ဖုန်းမျိုးစုံ ၁၁ လုံးတို့ကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ တောင်ဘက် မီတာ ၁၉၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ မြန်မာနိုင်ငံသား အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦးနှင့် ဖုန်းမျိုးစုံ ငါးလုံးတို့ကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးတို့ကို လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ စုစုပေါင်း တရားမဝင် ပြည်ပ နိုင်ငံသား အမျိုးသား ၅၀ နှင့် အမျိုးသမီး တစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ငါးဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှု ကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
MDN






