အီရန်နိုင်ငံရှိ စာသင်ကျောင်းတစ်ခု ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ‘အဆုံးမရှိ အချိန်ဆွဲနေသည်’ဟု ပင်တဂွန် စွပ်စွဲခံရ

News Image

  • အီရန်နိုင်ငံရှိ စာသင်ကျောင်းတစ်ခု ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ‘အဆုံးမရှိ အချိန်ဆွဲနေသည်’ဟု ပင်တဂွန် စွပ်စွဲခံရ

အမေရိကန်-အစ္စရေး မဟာမိတ်တို့၏ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှု ပထမဆုံးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန် တောင်ပိုင်းရှိ Shajareh Tayyebeh မူလတန်းကျောင်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကလေးသူငယ်အများစုအပါအဝင် လူပေါင်း ၁၇၀ ကျော် (အီရန်အစိုးရစာရင်းအရ ၁၇၅ ဦး) သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်အစိုးရဘက်က ကနဦးတွင် သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင် "အီရန်နိုင်ငံကပဲ ဗုံးကြဲတာဖြစ်နိုင်တယ်"ဟု ထွက်ဆိုခြင်းအပါအဝင် လွဲမှားသော အကြောင်းပြချက်များ ပေးခဲ့သော်လည်း နောက်ပိုင်းတွင် မီဒီယာများနှင့် လေ့လာဆန်းစစ်သူများ၏ စုံစမ်းစစ်ဆေးမှုများအရ အမေရိကန်ထုတ် ဒုံးကျည်ဖြင့် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ စစ်ဘက်ဆိုင်ရာ အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုများအရ အမေရိကန်တပ်ဖွဲ့ဝင်များသည် ခေတ်မမှီတော့သည့် ပစ်မှတ်အချက်အလက်ဟောင်းများကို အသုံးပြုခဲ့မိသဖြင့် အနီးအနားရှိ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ရေတပ်စခန်းနှင့် အဆိုပါမိန်းကလေးကျောင်းအား မှားယွင်းပစ်ခတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြစ်ပွားပြီး ရက်ပေါင်း ၈၀ ခန့်အကြာတွင်ပြုလုပ်သည့် အမေရိကန် အောက်လွှတ်တော် ကာကွယ်ရေးကော်မတီကြားနာပွဲ၌ ဒီမိုကရက်တစ်အမတ် အကြီးအကဲ အဒမ်စမစ်က ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် ၎င်းတို့၏ အမှားကိုဝန်မခံဘဲ ‘အဆုံးမရှိ အချိန်ဆွဲနေသည်’ ဟု ပြင်းပြင်းထန်ထန် စွပ်စွဲဖိအားပေးခဲ့သည်။ သို့သော်လည်း အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ်ကူးပါး က အမေရိကန်အနေဖြင့် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိကြောင်း ကာကွယ်ပြောဆိုခဲ့ပြီး အဆိုပါကျောင်းသည် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ဒုံးကျည်စခန်းအတွင်း တည်ရှိနေခြင်းဖြစ်ကြောင်း ဗြောင်ကျကျ ထွက်ဆိုခဲ့သည်။ 

သို့သော်လည်း ကျောင်း၏တရားဝင်ဝဘ်ဆိုက်မှ မှတ်တမ်းဟောင်းများနှင့် ဂြိုဟ်တုဓာတ်ပုံများအရ ကျောင်းသည် စစ်စခန်းအတွင်း၌ရှိနေခြင်းမဟုတ်ဘဲ ဘေးချင်းကပ်လျက်တည်ရှိနေကာ ခြံစည်းရိုးဖြင့် အထင်အရှားပိုင်းခြားထားကြောင်း တွေ့ရှိရသဖြင့် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက အမေရိကန်၏ ထွက်ဆိုချက်ကို ဆိုးရွားပြီး အရှက်မရှိသောမုသားစကားဟုတုံ့ပြန်ခဲ့ကာ ၎င်းလုပ်ရပ် သည် စစ်ရာဇဝတ်မှုမြောက်ကြောင်း ရှုတ်ချခဲ့သည်။ 

ယင်းဖြစ်စဉ်ကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက အမေရိကန်၏ ရက်စက်ကြမ်းကြုတ်မှုကို ပြစ်တင် ရှုတ်ချခဲ့သကဲ့သို့ အီတလီဝန်ကြီးချုပ် မယ်လိုနီနှင့် စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်တို့ကလည်း အဆိုပါ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ထိခိုက်သေဆုံးခဲ့ရသူများနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းရကြောင်း ဖော်ပြခဲ့ကြကာ နိုင်ငံတကာတွင်လည်း ပြင်းထန်သောဝေဖန်မှုများ မြင့်တက် လျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး