၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ကျင်းပ
ရန်ကုန် မေ ၂၉
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံး လေ့ကျင့်ရေးကွင်း(၁) (စက်ဘီးကွင်း)၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၊ သန်လျင်မြို့နယ် သန်လျင်အားကစားကွင်းနှင့် စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတို့တွင် ကျင်းပရာ အားကစားရေးရာ ဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံး အားကစားဝါသနာရှင် ပွဲကြည့်ပရိသတ်များက တစ်ခဲနက်လာရောက် ကြည့်ရှုအားပေးကြသည်။
ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံး လေ့ကျင့်ရေးကွင်း(၁) (စက်ဘီးကွင်း)တွင် ကရင်ပြည်နယ် အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၆ ဂိုး-ဂိုးမရှိ၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင် နေပြည်တော်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း ဧရာဝတီတိုင်းဒေသကြီးအသင်းက နေပြည်တော်အသင်းကို ၂ ဂိုး-ဂိုးမရှိ၊ သန်လျင်မြို့နယ် သန်လျင်အားကစားကွင်းတွင် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၃ ဂိုး-၂ ဂိုး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင် ကချင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ် အသင်းက ချင်းပြည်နယ်အသင်းကို ၁ ဂိုး- ဂိုးမရှိဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်အနိုင် ရရှိခဲ့ကြောင်း သိရသည်။
MWD
