ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေးပြီး တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသနေသူများအား ကြည့်ရှုအားပေး
နေပြည်တော် မေ ၂၉
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များနှင့် တပ်မတော်ဆေးရုံ တို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) အရာခံ/အကြပ်ကြီးသင်တန်းကျောင်းရှိ သင်တန်းသား စားရိပ်သာသို့ ရောက်ရှိပြီး ရိက္ခာ၊ အသား/ငါးနှင့် ဟင်းသီးဟင်းရွက်များကို စတိုခန်းများအတွင်းထားရှိမှုအခြေအနေများ၊ ချက်ပြုတ်နေမှုနှင့် ကျွေးမွေးရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး စားရိပ်သာများအတွင်း ကျန်းမာရေးနှင့် ညီညွတ်စေရေးအတွက် ခြင်ယင်များမရှိစေရန် ဆေးဖျန်းခြင်းများ ဆောင်ရွက်ရန်၊ စတိုအတွင်း ရိက္ခာများအား သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျထားရှိရန်၊ ရိပ်သာစိုက်ခင်း များ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်၊ ချက်ပြုတ်ကျွေးမွေးရာတွင် သတ်မှတ်နှုန်းထားများအတိုင်း အာဟာရပြည့်မီစွာဖြင့် ကျွေးမွေးနိုင်ရေး စေတနာထားဆောင်ရွက်ရန် တို့မှာကြားပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းသား များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် သင်တန်းကျောင်းဝင်းအတွင်း လေ့ကျင့်ရေးပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုများ၊ အိပ်ဆောင်များ၊ စာသင်ဆောင်များနှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ပြခန်းအတွင်း ခင်းကျင်းပြသ ထားမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်း(ဗထူး) မြဝတီစားရိပ်သာတွင် ခြေလျင် တပ်ရင်းမှူးသင်တန်းမှ သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး ရာ တပ်ရင်းရုံး၌ တပ်ရင်းမှူးက ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု နှင့် စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအား ဆောင်ရွက်ရာတွင် အမှန်တကယ်အောင်မြင် ဖြစ်ထွန်းအောင် လုပ်ဆောင်ကြရန်၊ စံပြစိုက်ပျိုး မွေးမြူရေးဇုန်ဖြစ်သည်နှင့်အညီ ဒေသတွင်းစံပြဖြစ်အောင် ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် မျိုးစေ့များခင်းကျင်းပြသထားမှုကို ကြည့်ရှုကြပြီး တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်းရှိ Green House အတွင်း ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ မျိုးစေ့ထုပ်ပိုးခန်းအတွင်း ရုံးပတီ၊ ရွှေဖရုံ၊ ချဉ်ပေါင်၊ တိုင်ထောင်ပဲ၊ ဘူး၊ မုန်ညင်း၊ မုန်လာဥနှင့် ခရမ်းများကို မျိုးကောင်းမျိုးသန့်များ အဖြစ် အဆင့်ဆင့်မျိုးစေ့များ ထုပ်ပိုးနေမှုနှင့် သိုလှောင်ခန်းအတွင်း မျိုးစေ့များ သိုလှောင်ထားရှိ မှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များအား တာဝန်ရှိသူ များနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည်ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူး၊ တပ်မတော်ပါရဂူများနှင့် ဆေးမှူးများ၊ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင် များသည် ဗထူးတပ်မြို့ နယ်မြေခံဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များ၏ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှု အခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် နိုင်ငံတော်အကြီးအကဲမှ ဖြည့်ဆည်းပေးထားသည့် Portable Digital Dental သွားဓာတ်မှန် စက်နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် ကွန်ပျူတာဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကို အလွှာလိုက် ဓာတ်မှန်ရိုက်စစ်ဆေးနိုင်သည့် CT Scan စက်အသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်နန်းကူးကူနှင့်အဖွဲ့ဝင်များသည် အမျိုးသမီးနှင့် ကလေးကုသဆောင်သို့သွားရောက်၍ ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး အရာရှိ/ စစ်သည်၊ မိသားစုဝင်များနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
MWD
