နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်မြတ် မိန့်ကြားတော်မူအပ်သော သာရဏီယ ဩဝါဒကထာ
(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲသို့ ဝင်ရောက်ပြန်ဆို ဖြေဆိုတော်မူခဲ့ကြပြီး အောင်မြင်တော်မူ ခဲ့ကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များနှင့်တကွ ချီးကျူး ပူဇော်ပွဲသို့ လာရောက်ဖူးမြော်ပူဇော်ကြသည့် ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား အသက်ထက်ဆုံး အောက်မေ့ဖွယ် အမှတ်ရဖွယ်ဖြစ်သော သာရဏီယဩဝါဒကထာ မကြွ်ကြားလိုသည်မှာ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်သည်-
“ဧကပုဂ္ဂလော ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇန ဟိတာယ ဗဟုဇနသုခါယ လောကာ နုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ ကတမော ဧကပုဂ္ဂလော တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ”
အစရှိသည်ဖြင့် အင်္ဂုတ္ထိုရ် ပထမတွဲ၊ ဧကပုဂ္ဂလဝဂ်၊ စာမျက်နှာ (၂၁)၌ မိန့်ကြားတော်မူပါတယ်။
ရဟန်းတို့လောက၌ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပေါ်လာ သည်ရှိသော် လူအများ အစီးအပွားအလို့ငှာ၊ လူအများချမ်းသာခြင်းငှာ လောကကို အစဉ်သနား စောင့်ရှောက်ခြင်းငှာ၊ နတ်လူတို့၏ အကျိုး များရန် အစီးအပွားများရန် ချမ်းသာဖို့ရန်အလို့ငှာ ဖြစ်တော်မူ၏။ တစ်ဦးတည်းသောပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် ကိုယ်တိုင်မှန်စွာ သိတော်မူသောမြတ်စွာဘုရားပင်တည်း။
ဤလောကလူသား လူအများသည် ဆင်းရဲကို ဆင်းရဲမှန်းမသိ၊ ဆင်းရဲကြောင်း အလုပ်များကို လုပ်ကိုင် ဆောင်ရွက်နေကြသော်လည်း ဆင်းရဲကြောင်း အလုပ်များပဲဟု မသိမမြင်ကြပေ၊ ကုသိုလ် အကုသိုလ် ဟူ၍လည်း မကွဲပြား မသိမမြင်နိုင်ကြပေ။ လောကကြီးသည် မောဟ အမှောင်ဖုံးနေသော အမိုက်တိုက် လောကကြီး ဖြစ်ပါသည်။ အဝိဇ္ဇာ အမှောင်ထုကြီး ဖုံးလွှမ်းနေသောလောကကြီးထဲတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းပေါ်ပေါက်လာသဖြင့်သာ ဤတရားက အပြစ်မရှိ ချမ်းသာသောအကျိုး တရားကို ပေးခြင်းလက္ခဏာရှိသော ကုသိုလ်တရားပဲ၊ ဤတရားက အပြစ်နှင့်တကွဖြစ်ပြီး ဆင်းရဲသော အကျိုးကိုပေးခြင်း လက္ခဏာရှိသော အကုသိုလ်တရားပဲ၊ ဤတရားက ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာရန် တရားပဲ စသည်ဖြင့် ဟောကြားတော်မူခဲ့ပါတယ်။
ထို့ပြင်လည်း ဤသဘောတရားများသည် ဧကန်စင်စစ် ဆင်းရဲသောတရား “ဒုက္ခသစ္စာ” ပဲ၊ ဤသဘော တရားသည် ဆင်းရဲကြောင်း အမှန်တရား “သမုဒယသစ္စာ” ပဲ၊ ဤသဘောတရားသည် ဆင်းရဲချုပ် ရာ ချမ်းသာမှန်တရား “နိရောဓသစ္စာ” ပဲ၊ ဤသဘောတရားသည် ဆင်းရဲချုပ်ရာ ချမ်းသာသို့ ဆိုက်ရောက် စေနိုင်သော အမှန်တရား “မဂ္ဂသစ္စာ” ပဲ စသည်ဖြင့် သစ္စာလေးပါးတရားတော်တို့ကိုလည်း ဟောကြား တော်မူခဲ့ပါတယ်။ ဤသစ္စာလေးပါးတရားတော်တို့ကို ဟောကြားတော်မူလိုက်သောအခါ အချို့သော ဝေနေယျသတ္တဝါများ အဝိဇ္ဇာအမှောင်လုံးဝကင်းရှင်းပြီး ဝိဇ္ဇာအလင်းရောင်ကောင်းကောင်း ရရှိသွားကြ ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်းဟာ နေမင်းကြီး လမင်းကြီး ထွက်ပေါ်လာသကဲ့သို့ဖြစ်ပြီး ကြာမြင့်စွာသောကာလပတ်လုံး လူနတ်ဗြဟ္မာ သတ္တဝါအများ စီးပွားချမ်းသာဖို့ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရားဒေသနာတော် များကို ရတနာခြင်းတောင်းသုံးမျိုးထဲသို့ သဘောတူရာစုပေါင်းထည့် လိုက်လျှင် ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋကဟူ၍ ပိဋကသုံးပုံ ဖြစ်လာပါတယ်။ သုံးပုံပိဋက တရားဒေသနာတော်မြတ်များကို သင်ကြားပို့ချပေးခြင်း၊ သင်ယူမှတ်သား ခြင်းတို့ကို ပရိယတ္တိဟု ခေါ်ပါတယ်။ ပရိယတ္တိတရားတော်များသည် ရှောင်ကြဉ်ဖို့၊ ကျင့်ကြံဖို့၊ နှလုံး သွင်းသိရှိဖို့ကို ညွှန်ကြားတော်မူပါတယ်။ ထိုပရိယတ္တိ တရားဒေသနာ တော်များက ညွှန်ကြားသည့် အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်ခြင်းကို ပဋိပတ္တိလို့ ခေါ်ပါတယ်။ ပဋိပတ္တိအစွမ်းကြောင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် စသော အသိထူးများရရှိခြင်းကို ပဋိဝေဓလို့ ခေါ်ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားရှင်၏ သာသနာတော်သုံးရပ်တို့တွင် ပရိယတ္တိသည် အခြေခံမူလ ပဓာနကျပါ တယ်။ သစ်ပင်ကြီးတစ်ပင်မှာ ရေသောက်မြစ်ရှိမှသာ ပင်စည်၊ အကိုင်းအခက်တွေ ကြာရှည်စွာတည်တံ့ နေမည်ဖြစ်ပါတယ်။ ရေသောက်မြစ်မရှိလျှင် ကြာရှည်စွာ တည်တံ့မနေနိုင်ပေ။ အပွင့်၊ အသီးများလည်း ဖူးပွင့်ဝေဆာ မဖူးနိုင်၊ မပွင့်နိုင်၊ မသီးနိုင်ကြသကဲ့သို့ ထိုနည်းတူစွာပင် သာသနာတော်သုံးရပ်၌လည်း ပရိယတ္တိမှမရှိလျှင် ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ တို့သည်လည်း မတည်ရှိ နိုင်တော့ပေ။
ရေကန်ကြီးဥပမာနှင့်ပြောရလျှင် ရေကန်ကြီးမှာ ကန်ပေါင်ကန်ရိုး သာမရှိလျှင် ရေကန်ထဲ၌ ရေတွေ၊ ကြာပင်တွေ ကြာရှည်စွာ မတည်နိုင်ပေ၊ ရေမရှိလျှင်လည်း ကြာပင်များ မပေါက်ရောက်နိုင်ပေ။
ထိုဥပမာအတိုင်းပင် ပရိယတ္တိသည် ကန်ပေါင်ကန်ရိုးနှင့် တူပါသည်။ ပဋိပတ္တိသည် ရေနှင့်တူပါသည်။ ပဋိဝေဓသည် ကြာပင်၊ ကြာပွင့်များနှင့် တူပါသည်။ ထို့ကြောင့် ပဋိပတ္တိဟူသောရေကြည် ရေအေး၊ ပဋိဝေဓ ဟူသော ကြာပင် ကြာပွင့်များနှင့် လှပတင့်တယ်စွာရှိဖို့ဆိုသည်မှာ ပရိယတ္တိဟူသော ကန်ပေါင် ကန်ရိုးကြီး ခိုင်ခိုင်ခံ့ခံ့ ရှိဖို့လိုအပ်ပါတယ်။ ကန်ပေါင်ကန်ရိုးကြီးကတော့ ခိုင်ခိုင်ခံ့ခံ့ရှိပါ၏။ သို့သော် ကန်ထဲ၌ ရေလည်းမရှိ၊ ကြာလည်းမရှိလျှင် ခြောက်သွေ့ နေသည့်ကန်ကြီးသည် တင့်တယ်မှုမရှိသဖြင့် မည်သူမည်ဝါမျှ စိတ်ဝင်စားမှုမရှိ၊ ရေကိုလည်း မသောက်ရ မချိုးရသဖြင့် ဘာမျှအကျိုးမရှိ တော့ပါ။ ထို့အတူ ကန်ပေါင်ရိုးနှင့်တူသည့် ပရိယတ္တိတစ်ခုတည်းသာ ရှိမည်ဆိုပါကလည်း ပဋိပတ္တိဟူသော သာသနာ့အရသာဖြစ်သည့် ရေကြည်ရေအေးလည်း မသောက်ရ၊ ပဋိဝေဓဟူသော ကြာဖူး၊ ကြာပန်း များလည်း မပွင့်နိုင်သဖြင့် သာသနာတော်ကြီးသည် တင့်တယ်လှပမည်မဟုတ်ပါ။
ဒါကြောင့် (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲသို့ ဝင်ရောက်ပြန်ဆို ဖြေဆိုတော်မူခဲ့ကြပြီး အောင်မြင်တော်မူခဲ့ကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား ရေတွေ တည်တံ့ဖို့၊ ကန်ဘောင်ရိုးကြီးကို ခိုင်ခိုင်ခံ့ခံ့ရှိအောင် ကြိုးစား အားထုတ်တော်မူကြခြင်းဖြစ်၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးနှင့် ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့က ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါတယ်။ ရေကန်ကြီးထဲမှာ ရေတွေ ရှိအောင် ကြာပင်၊ ကြာပန်းများနှင့် လှပတင့်တယ်မှုရှိအောင် ဆက်လက်၍ ကြိုးစားအားထုတ်ကြဖို့လည်း သတိပေးစကား ပြောကြားလိုပါတယ်။
သာသနာတော်ကို စောင့်ရှောက်ထောက်ပံ့နေကြသည့် နိုင်ငံတော်အစိုးရနှင့်တကွ ဒါယကာ ဒါယိကာမ အပေါင်းတို့က ဥယျာဉ်မှူးနှင့် တူပါတယ်။ ဥယျာဉ်မှူးသည် သစ်ပင်များကို ရေမလောင်း ပေါင်းမသင် ဘဲထားလျှင် သစ်ပင်များဟာ ညှိုးနွမ်းခြောက်သွေ့ပြီး ရေတွေများစွာ လောင်းပြန်လျှင်လည်း စိမ့်ဖမ်းပြီး သစ်ပင်သည် သေသွားနိုင်ပါတယ်။ ထိုနည်းတူစွာပင် သာသနာတော်ကို စောင့်ရှောက်ထောက်ပံ့ရာမှာ ရေပြတ်နေသည့် သစ်ပင်များလိုလည်း မဖြစ်ရအောင်၊ ရေတွေများပြီး စိမ့်ဖမ်းလို့ သေသွားသည့် သစ်ပင်များလိုလည်း မဖြစ်ကြရလေအောင် ပြုစုစောင့်ရှောက်ထောက်ပံ့ပါက သာသနာတော်မြတ်ကြီး အရှည်ခံ့၍ တည်တံ့ကာ ဆရာဒကာနှစ်ဖြာစလုံး ဆင်းရဲဆုံးရာ ချမ်းသာအမှန် မြတ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ကြောင်း၊ ဆိုက်ရောက်နိုင်ကြပါစေလို့လည်း ဆုတောင်းပတ္ထနာပြုရင်း သာရဏီယဩဝါဒ ကထာကို နိဂုံးချုပ် အပ်ပါသည် ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့........။
