အိန္ဒိယကို အစ္စရေး၏ အခိုင်မာဆုံးသော ထောက်ခံသူအဖြစ် နေတန်ယာဟု ဖော်ညွှန်း
အိန္ဒိယနိုင်ငံသည် အစ္စရေးအပေါ် လွန်စွာနှစ်လိုဖွယ်ကောင်းသော စိတ်ထားဖြင့် ဆက်ဆံရေးကို တည်ဆောက်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂျော်ဒန်ဗာလီ (Jordan Valley) ညီလာခံတွင် ပြောကြားလိုက်ပြီး အိန္ဒိယကို အနောက်ဂျေရုဆလင်၏ အခိုင်မာဆုံးသော ထောက်ခံသူအဖြစ် ဖော်ညွှန်းခဲ့သည်။
ဂါဇာစစ်ဆင်ရေးများကြောင့် အစ္စရေးအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ပြင်းထန်သောဝေဖန်မှု ပြဿနာများနှင့် ရင်ဆိုင်နေရသော်လည်း အိန္ဒိယ နိုင်ငံကမူ ထိုသို့မဟုတ်ကြောင်း ပြောဆိုကာ အဆိုပါ အင်အားကြီးနိုင်ငံနှင့် ရှိထားသည့် နှစ်နိုင်ငံဆက်ဆံရေးကို ချီးကျူးခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ဟားမက်အဖွဲ့၏ တိုက်ခိုက်မှုအပြီးတွင် အစ္စရေးဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့သည့်အတွက် အိန္ဒိယကို ၎င်းတို့၏ အာရှမဟာမိတ် အဖြစ် သတ်မှတ်ကာ ကျေးဇူးတင်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
အိန္ဒိယနှင့် အစ္စရေးတို့၏ သံတမန်ဆက်ဆံရေးသည် ၁၉၉၂ ခုနှစ်တွင်မှ တရားဝင်စတင်ခဲ့သော်လည်း အိန္ဒိယက အစ္စရေးကို နိုင်ငံအဖြစ် စတင် တည်ထောင်ပြီးစ ၁၉၅၀ ပြည့်နှစ်ကတည်းက အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ၏ အဆိုအရ နှစ်နိုင်ငံ ဆက်ဆံရေးမှာ မြေထဲပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းသွားလာခဲ့ကြသည့် ဂျူးကုန်သည်များခေတ်ကတည်းက စတင်ခဲ့သဖြင့် နှစ်ပေါင်းထောင်ချီ သက်တမ်းရင့်နေပြီ ဖြစ်သည်။
လက်ရှိတွင် အိန္ဒိယသည် အာရှ၌ အစ္စရေး၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ကာကွယ်ရေးစာချုပ်များမပါဝင်ဘဲ နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၁၀ ဒသမ ၇၇ ဘီလီယံအထိ ရှိခဲ့သည်။ ထို့အပြင် ယခုနှစ်အတွင်းမှာပင် အိန္ဒိယသည် အစ္စရေးနှင့် ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ လက်နက် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုခဲ့ပြီး လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် (FTA) ရရှိရန်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သို့သော်လည်း ယခုနှစ်အစောပိုင်းတွင် အမေရိကန်နှင့်အစ္စရေးတို့က အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ခြင်းအပေါ် အိန္ဒိယ က စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ဝန်ကြီးချုပ် မိုဒီက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် စကားပြောဆိုရာတွင် ပဋိပက္ခကို အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုခဲ့ပြီး အရပ်သားများ၏ ဘေးကင်းလုံခြုံရေးကို ထိပ်တန်းဦးစားပေးအဖြစ်ထားရှိရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
