ရေးမြို့နယ်၌ မျိုးစေ့ချကိရိယာပေးအပ်ပွဲ ကျင်းပ
ရေး မေ ၃၁
မွန်ပြည်နယ် ရေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မိုးစပါးရာသီမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအား မျိုးစပါးနှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲကို မေ ၂၉ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးလွင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးမွန်က မျိုးစပါးပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဒေါ်မိုးမိုးသန်းလှိုင် က မျိုးစေ့ချကိရိယာပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြာပြီး တာဝန်ရှိသူများက အစင်ကျေးရွာမှ တောင်သူ ရှစ်ဦး၏ စိုက်ပျိုး ဧက ၄၀ အတွက် ပေါ်ဆန်းရင် မျိုးစပါးတင်း ၃၀၊ ဆင်းသုခမျိုးစပါး ၁၀ တင်းနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်သော ပေါင်ကြီးတင် မျိုးစေ့ချကိရိယာတစ်လက်၊ မျိုးစေ့ချကိရိယာ ၄၀ တို့အား တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှင်းသန့်ဖြူ
MDN
