ချီဖွေငယ်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်(၃)လုံးအား အလှည့်ကျရပ်တန့်၍ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်

News Image

  • ချီဖွေငယ်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်(၃)လုံးအား အလှည့်ကျရပ်တန့်၍ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်

နေပြည်တော်    ဇွန်    ၄

ချီဖွေငယ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ကချင်ပြည်နယ်၊ ချီဖွေမြို့အနောက်တောင်ဘက် (၆)မိုင်ခန့်အကွာ ချီဖွေချောင်းပေါ်တွင် တည်ဆောက်ထားပြီး တပ်ဆင်အင်အား (၃၃)မဂ္ဂါဝပ်ရှိသော ဓာတ်အားပေးစက် (၃)လုံး စုစုပေါင်း တပ်ဆင်အင်အား (၉၉) မဂ္ဂါဝပ်ရှိသည့်စက်ရုံဖြစ်ပြီး  Run-Off River Type စက်ရုံအမျိုးအစားဖြစ်သည်နှင့်အညီ ရေဝင်ရောက်မှုအရ ဓာတ်အားထုတ်လုပ် မောင်းနှင်နေသော စက်ရုံတစ်ရုံဖြစ်ပါသည်။

အဆိုပါ    စက်ရုံမှထွက်ရှိလာသည့် ဓာတ်အားကို ဝိုင်းမော်ပင်မဓာတ်အားခွဲရုံမှတစ်ဆင့်  နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး ဓာတ်အားပို့လွှတ်နိုင်ခဲ့သော်လည်း ၂၃၀ ကေဗွီ အုန်းတော-ရွှေဘို-နဘား ဓာတ်အားလိုင်းချွတ်ယွင်းပြီး    နယ်မြေအခြေအနေကြောင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၉ ရက်မှစ၍ ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်မှုမရှိသော်လည်း မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း စသည့်မြို့များရှိသည့် ဒေသများတွင်နေထိုင်သည့်  ပြည်သူလူထုများ လျှပ်စစ်မီးရရှိရေးအတွက်   သီးသန့်ဓာတ်အားစနစ်ဖြင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသောကြောင့် ဒေသတွင်းလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးများစွာရှိပြီး    ကချင်ပြည်နယ်အတွက်  အရေးပါသောစက်ရုံတစ်ရုံဖြစ်သည်။ 

လာမည့် မိုးရာသီကာလတွင် ဓာတ်အားပေးစက်သုံးလုံးအား  စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရန်နှင့် ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာ ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ အမှတ်(၁) ဓာတ်အားပေးစက်ကို ၂၀၂၆ ခုနှစ် မတ်လ ၂၂ ရက်မှ မေလ ၁၄ ရက်အထိ ဆောင်ရွက်ပြီးစီးခဲ့ပြီး အမှတ် (၃) ဓာတ်အားပေးစက်ကို မေလ ၁၅ ရက်မှ ဇွန်လ ၁၃ ရက်အထိ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်အမှတ်(၂)ဓာတ်အားပေးစက်ကို ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၃ ရက်အထိ   ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။             

မြဝတီ