မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု ပပျောက်ရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်)
မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားမျိုးနွယ်ကို အညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ပပျောက်ရေးကို နိုင်ငံတော်နှင့်ပြည်သူများအတွက် အမျိုးသားရေးအန္တရာယ်အဖြစ် သတ်မှတ်ကာ ပြတ်ပြတ်သားသား ချေမှုန်းတိုက်ဖျက်လျက်ရှိသည်။ EAO အမည်ခံ သောင်းကျန်းသူအဖွဲ့များနှင့် အကြမ်းဖက်သမားများက နိုင်ငံအတွင်းတည်ငြိမ်မှု မရှိအောင်လုပ်ဆောင်ပြီး အဆိုပါအခြေအနေများကို အခွင့်ကောင်းယူကာ ၎င်းတို့အတွက်ဝင်ငွေရ လမ်းဖြစ်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းချသော အလုပ်များကို လုပ်ဆောင်လျက်ရှိသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်းမှာ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့ကို အထောက်အပံ့ဖြစ်စေသည့်အတွက် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသော စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည်။
အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု လုပ်ငန်းများမှာ လက်နက်ကိုင်သောင်းကျန်းသူ ခေါင်းဆောင်ပိုင်းများ ချမ်းသာကြွယ်ဝရန်ဖြစ်သကဲ့သို့ သောင်းကျန်းသူအဖွဲ့များရပ်တည်ရေး၊ လက်နက်ခဲယမ်းများ ဝယ်ယူရေးတို့အတွက် အရေးပါသော ငွေကြေးရရှိသည့် ဝင်ငွေလမ်းများဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူ မှန်သမျှမှာ နိုင်ငံတော်နှင့် ပြည်သူများပျက်စီးရေးကိုသာ ရှေးရှုဆောင်ရွက်နေခြင်းဖြစ်၍ ပြည်သူများကလည်း ရွံရှာမုန်းတီးနေပြီ ဖြစ်သည်။
လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများကို အဓိကချက်လုပ်သည့် နေရာဟုယူဆရသည့် နေရာများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်သည့်နေရာနှင့် အသုံးပြုသည့် ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်းဖော်ထုတ် ဖမ်းဆီးရမိသည့် သတင်းအား ဇန်နဝါရီလ ၁၁ ရက်တွင်ထုတ်ပြန်ခဲ့သည်။ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံး သိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်း ရမိမှုတို့နှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၄ ရက်က ကျင်းပခဲ့သည်။ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သံတမန်များနှင့်ပြည်တွင်း၊ ပြည်ပ မီဒီယာများအား မူးယစ်ဆေးဝါး ချက်လုပ်ရာ၌ အသုံးပြုခဲ့သည့် ယာယီအဆောက်အအုံများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို နေရာတစ်ခုချင်းစီ အလိုက်လိုက်လံရှင်းလင်းပြသကာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့သည်။
မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများသည် စက်ရုံစနစ်ဖြင့် ပမာဏများစွာ ထုတ်လုပ်နေခြင်းဖြစ်သည်။
အဆိုပါမူးယစ်ဆေးဝါး လုပ်ငန်းများတွင် ၎င်းဒေသ၌ လှုပ်ရှားလျက်ရှိသော SSA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ ပါဝင်ပတ်သက်နေခြင်းဖြစ်သည်။ သိမ်းဆည်းရမိသည့် ဓာတုပစ္စည်းများနှင့်ပစ္စည်းကိရိယာများ၏ ပမာဏကိုကြည့်ပါက အိုက်စ် ၂၇ တန်ခန့် သို့မဟုတ် စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့်ထက် ပိုမိုများပြားသည့် မူးယစ်ဆေးဝါးများ တန်ဖိုးငွေအားဖြင့် ငွေကျပ် ၅၄၀ ဘီလီယံကို ပုံမှန်ထုတ်လုပ်နေခြင်းဖြစ်သည်။ ထို့ပြင် သိမ်းဆည်းရမိသော ထုပ်ပိုးခွံ အထောက်အထားများအရ ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်ပမာဏ၏ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်းမှာ ယခုသိမ်းဆည်းရမိခဲ့သော နေရာများအနက် နှစ်နေရာမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၆ ရက်တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားတွင် အသုံးပြုသည့်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သည့်လုပ်ငန်းများမှာ ပမာဏကြီးမားသည့် လုပ်ငန်းများဖြစ်ပြီး သမိုင်းစဉ်တစ်လျှောက် အများဆုံး သိမ်းဆည်းရမိခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သော ဖြစ်စဉ်များကိုပြန်လည်လေ့လာပါက မူးယစ်ဆေးဝါး မြောက်မြားစွာဖမ်းဆီးရမိမှုများတွင် လက်နက်ကိုင်အဖွဲ့များသည် တစ်နည်းနည်းနှင့် ပါဝင်ပတ်သက်လျက်ရှိသည်ကို တွေ့ရှိရသည်။ ဖမ်းဆီးရမိမှုများတွင် မှုခင်းနှင့်တရားခံအရေအတွက် လျော့ကျသွားခဲ့သော်လည်း ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါး ပမာဏမှာ လွန်စွာမြင့်မားသည်။ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွင် လူအနည်းငယ်က ဂိုဏ်းအုပ်စုဖွဲ့ကာ အမြောက်အမြား သယ်ဆောင်ရောင်းဝယ်သည့် ပုံစံမျိုးပြောင်းလာခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်သည် စိတ်ကြွဆေးပြားများ တရားမဝင်သယ်ယူပို့ဆောင်ရာ အဓိကနေရာဖြစ်ပြီး AA အကြမ်းဖက်သောင်းကျန်းသူများ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်ပတ်သက်နေသည်။ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုများမှာ နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အတွက် ပြည်သူများကလည်း ပူးပေါင်းပါဝင် တိုက်ဖျက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD
