နိုင်ငံတော်က အားကိုးရသည့် ခေတ်မီမျိုးချစ်တပ်မတော်
မြန်မာနိုင်ငံတွင် တပ်မတော်၏အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးလှပြီး တပ်မတော်၏ အင်အားသည်နိုင်ငံတော်၏ အင်အားဖြစ်ကြောင်းပြသသည့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ (၈၁)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို မတ်လ ၂၇ ရက်တွင် ခမ်းနားကြီးကျယ်စွာကျင်းပခဲ့သည်ကို ပြည်တွင်း၊ ပြည်ပရှိပြည်သူများအားလုံး မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည့် အရေးကိစ္စများနှင့် ကြုံတွေ့ခဲ့ရချိန်တိုင်းတွင် မှန်ကန်သည့်ရပ်တည်ချက်၊ မှန်ကန်သည့်အမျိုးသားရေး ခံယူချက်များနှင့်အတူ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည့် သမိုင်းကောင်းများရှိသည်။
တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာသည့် တပ်မတော်ဖြစ်ပြီး နိုင်ငံတော်ကိုလွတ်လပ်ရေး ရရှိအောင်ဦးဆောင်ကြိုးပမ်းခဲ့သလို လွတ်လပ်ရေးရပြီးနောက်တွင် ရရှိထားသော လွတ်လပ်ရေးကြီး တည်တံ့ခိုင်မြဲနေအောင် ကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်ဖြစ်သည်။ လွတ်လပ်ရေးရပြီးစ အချိန်ကတည်းကစပြီး နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်မှုများကြောင့် သမိုင်းတစ်လျှောက် စုစုစည်းစည်းနေထိုင်ခဲ့ကြသည့် တိုင်းရင်းသားများ၏ အထင်အမြင်လွဲမှားမှု၊ နိုင်ငံရေးအယူအဆကွဲပြားမှုများနှင့် တိုင်းရင်းသားအရေးတို့ကို အခြေခံသည့် ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက်လာပြီး ပူပူနွေးနွေးရရှိထားသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်မဆုံးရှုံးရစေရန်အတွက် တပ်မတော်သည် အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ကာကွယ်ပေးခဲ့သည်။
ထိုအချိန်က ပြည်တွင်းရောင်စုံသောင်းကျန်းမှုအပြင် ပြည်ပကတရုတ်ဖြူကူမင်တန်များနှင့် မူဂျာဟစ်ကုလားဆိုးများ၏ ပြည်ပကျူးကျော်မှုအန္တရာယ်များကို တပ်မတော်က စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့်အောင်မြင်စွာ ကာကွယ်နှိမ်နင်းနိုင်ခဲ့သည်မှာ အစဉ်အလာကောင်းများနှင့်ပြည့်စုံလျက်ရှိသည့်တပ်မတော်တစ်ရပ် ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ၏ရရှိထားသော လွတ်လပ်ရေးမှာ တည်တံ့ခိုင်မြဲနေ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်များ မည်သို့ပင်ပြောင်းလဲ ကျင့်သုံးသည်ဖြစ်စေမပြောင်း မလဲတည်ရှိနေမည်မှာ တပ်မတော်သာဖြစ်သည်။
တပ်မတော်သည် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး”ဟူသော ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားနိုင်ငံရေး တာဝန်အဖြစ်ခံယူလျက်ရှိသည်။ ဒို့တာဝန်အရေးသုံးပါးရယူရန် စွမ်းရည်သုံးရပ် ထက်မြက်သော တပ်မတော်ဖြစ်ရမည်။ စွမ်းရည်သုံးရပ်ထက်မြက်ရန် တပ်မတော်အား(၁၀)ပါးကို တည်ဆောက်ရမည်။ တပ်မတော်အား(၁၀)ပါးကို တည်ဆောက်ရန် သစ္စာ(၄)ချက်ကို ဦးထိပ်ရွက်၍ စိတ်ဓာတ်နှင့်စည်းကမ်းကို အခြေခံရမည်ဟူသော ဒို့တာဝန်၊ ဒို့လမ်းစဉ်အတိုင်း တပ်မတော်သည်နိုင်ငံတော်အတွက် ရပ်တည်လျက်ရှိသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည်(၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၌ပြောကြားသည့် မိန့်ခွန်းတွင် “ဒို့တပ်မတော်ဟာ နိုင်ငံတော် အတွက် အားထားဖွယ်ရာ အဖွဲ့အစည်းအဖြစ် ရပ်တည်နေနိုင်ခြင်းဟာ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတို့ကြောင့်ဖြစ်တယ်။ ဒို့တပ်မတော်စတင်သန္ဓေတည်ခဲ့တဲ့ BIA လက်ထက်မျိုးချစ်စိတ်ဓာတ်ပြင်းထန်မှု၊ BDA လက်ထက်စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတွေကို စနစ်တကျပေါင်းစပ်ပြီး ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ဖက်ဆစ်တော်လှန်ရေးကြီးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တာပဲဖြစ်တယ်။ ဒါဟာဒို့တပ်မတော်ရဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အတိတ်သမိုင်း သာဓကတွေပဲဖြစ်တယ်။ ဒါ့ကြောင့် ဒို့တပ်မတော်သား အားလုံးအနေနဲ့ အတိတ်သမိုင်း ကြောင်းများကို နှံ့စပ်စွာသိမြင်နားလည်ကာ မျိုးချစ်စိတ်ဓာတ်ကို အရင်းခံပြီး စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်တဲ့၊ အမိန့်နာခံတတ်မှုနဲ့ပြည့်စုံတဲ့ တပ်မတော်တစ်ရပ်ဖြစ်စေရေး ကိုယ်စီကြိုးစားကျင့်ကြံ သွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်” ဟူ၍ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံအတွက်မရှိမဖြစ်သော တပ်မတော်ကို အင်အားတောင့်တင်းပြီး တိုက်စွမ်းရည်၊ တိုက်စွမ်း အားရှိသည့် ခေတ်မီတပ်မတော်ဖြစ်စေရေးမှာ အမြဲတမ်းတည်ဆောက်နေရမည့် ကိစ္စရပ်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိပေရာ တပ်မတော်အင်အားမြင့်မားစွာ တည်ရှိနေရေးအတွက် လူငယ်မောင်မယ်အားလုံးတွင် တာဝန်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ နိုင်ငံသားအားလုံး၏ မွေးရာပါတာဝန်လည်းဖြစ်သည်။
တပ်မတော်သည် ခေတ်အဆက်ဆက် နိုင်ငံတော်နှင့်ပြည်သူလူထုအကျိုးကို ဦးထိပ်ထားထမ်း ဆောင်နိုင်ခဲ့သည်။ လက်ရှိကာလတွင်လည်း ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုသည့်ခံယူချက်ဖြင့် နိုင်ငံ နှင့်ပြည်သူ့အကျိုးကိုကာကွယ်လျက်ရှိသည်။ နောင်တွင်လည်းပြည်သူကအားကိုးရသည့်၊ နိုင်ငံတော် ကအားကိုးရသည့် ခေတ်မီမျိုးချစ် တပ်မတော်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေမည်ဖြစ်သည်။ ကမ္ဘာ တည်သရွေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ခိုင်မာစွာ တည်ရှိစေရေးအတွက် တပ်မတော်သည် နိုင်ငံတော်က အားကိုးရသည့် ခေတ်မီမျိုးချစ် တပ်မတော်အဖြစ် တည်ရှိနေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ မတ် ၂၉ ရက်)
