မှောင်တွင်းမှ အလင်းသို့ဝင်လာသူများ၏ အနာဂတ်
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ မတ် ၂၁ ရက်)
ဤလောက၌ဓမ္မနှင့်အဓမ္မတို့ယှဉ်ပြိုင်သည့်အခါတိုင်း နောက်ဆုံးတွင်ဓမ္မကသာ အနိုင်ရရှိသည်မှာ မပြောင်းလဲသောအမှန်တရားဖြစ်သည်။ မြန်မာအဘိဓာန်တွင် ဓမ္မကို “ဟုတ်မှန်သောသဘော။
ဗုဒ္ဓ၏တရားတော်”ဟူ၍ဖွင့်ဆိုထားသလို အဓမ္မကို “ မသူတော်တရား။ မတရားသောအမှု။ နိုင်ထက်စီးနင်း” ဟူ၍ဖွင့်ဆိုထားပါသည်။ မြန်မာနိုင်ငံတွင် တချို့သောအတ္တသမားများသည် ကိုယ်ကျိုးစီးပွားကိုရှေ့တန်းတင်၍ လူငယ်လူရွယ်များကို လမ်းမှားသို့ပို့ဆောင်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများသည် လွန်စွာထင်ရှားသည့်လုပ်ရပ်များဖြစ်သည်။ ဤအမှန်သတင်းကိုလူငယ်များမသိရှိစေရန် နည်းမျိုးစုံဖြင့်ဖုံးကွယ်ပြီးဆူပူအကြမ်းဖက်မှုလုပ်ရပ်များကိုလုပ်ဆောင်စေခဲ့သည်။
မသိနားမလည်သောလူငယ်များသည် မသမာသူတို့၏ဆွဲဆောင် သိမ်းသွင်းခြင်းကိုခံရပြီး လက်နက်ကိုင်အကြမ်းဖက်များအဖြစ်သို့ ရောက်ရှိသွားကြသည်။ အချို့သော လူငယ်များသည် မိဘဆွေမျိုးများနှင့် အကျပ်ကိုင်ကာ စုဆောင်းခြင်းခံခဲ့ကြရသည်။ တောထဲတွင် သင်တန်းတက်ခိုင်းပြီးတိုက်ပွဲဝင်ခိုင်းခဲ့သည်။ အစားအသောက်အနေအထိုင် လွန်စွာဆင်းရဲပင်ပန်းလှသည်။ ထွက်ပြေးလျှင်လည်းပစ်သတ်ကြသည်။ လူငယ်များ၏ ဘဝမှာဆုပ်လည်းစူး၊ စားလည်းရူး အခြေအနေသို့ရောက်ရှိသွားကြသည်။
တပ်မတော်စစ်ကြောင်းများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့်နေရာများအား တစ်ခုပြီးတစ်ခုပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူများအနေဖြင့် ဝမ်းသာအားရကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက် လာခဲ့မှုများကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ခုခံလိုခြင်း မရှိတော့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်၍ အေးချမ်းစွာနေထိုင်လိုကြသော PDF အမည်ခံအဖွဲ့ဝင်များသည် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာကြသည်။
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အပြည့်အဝ ယုံကြည်လက်ခံလာကြသည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကိုနွေးထွေးစွာကြိုဆိုပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးသည့် သတင်းများကို ကြားသိလာကြသည်။
တောထဲတွင်ဆက်လက်ပြီး လက်နက်ကိုင်ဆောင်ခြင်းမပြုလိုတော့ပေ။ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ မိဘဆွေမျိုးများနှင့် အေးချမ်းပျော်ရွှင်စွာ နေထိုင်လိုကြသည်။ ထို့ကြောင့်လမ်းမှားသို့ ရောက်သွားကြသူလူငယ်များ အနေဖြင့် ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူများက အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။ မတ်လ ၁၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အမြို့မြို့အနယ်နယ်မှအမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦးတို့သည် လက်နက်မျိုးစုံ ၇၈ လက်နှင့် လက်ပစ်ဗုံး/ ဗုံးသီး ၃၈ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည်အိမ်မျိုးစုံ ၅၀ ခု၊ ကျည်မျိုးစုံ ၃၃၆၂ တောင့်၊ မိုင်းမျိုးစုံ ၁၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးထုပ် ၅ လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသည်။
နိုင်ငံတော်မှဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများကို ၎င်းတို့နှင့်အတူပါရှိလာသည့် မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက်အတွက် ဆုကြေးငွေကျပ်သိန်း ၅၀ နှုန်း၊ RPG တစ်လက်အတွက် ဆုကြေးငွေကျပ် ၇၅ သိန်းနှုန်း၊ လက်လုပ်သေနတ်တစ်လက်နှုန်းအတွက် ဆုကြေးငွေကျပ် ၅ သိန်းနှုန်း၊ လက်ပစ်ဗုံး/ ဗုံးသီးတစ်လုံးစီအတွက် ဆုကြေးငွေကျပ် ၃ သိန်းနှုန်း၊ စကားပြောစက်တစ်လုံး အတွက် ဆုကြေးငွေကျပ် ၂ သိန်းနှုန်း၊ ကျည်ကာအင်္ကျီတစ်ထည်လျှင် ဆုကြေးငွေကျပ် ၂ သိန်းနှုန်း၊ ကျည်ကာဦးထုပ်တစ်လုံးလျှင် ဆုကြေးငွေကျပ် ၂ သိန်းနှုန်းနှင့် အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၂၀၀၀ ခန့်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြသူများ၏ ရင်တွင်းစကားသံများကိုလည်း သတင်းနှင့်အတူဖော်ပြပေးထားပြီးဖြစ်သည်။အမှောင်တွင်းမှ အလင်းသို့ဝင်လာသူများ၏ အနာဂတ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်ခွင့်ရရှိ တော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD
