နိုင်ငံတော်၏အနာဂတ်လမ်းကြောင်းဖြောင့်ဖြူးသာယာရေး

တပ်မတော်နေ့ဆိုသည်မှာ တပ်မတော်နှင့်ပြည်သူလက်တွဲ၍ ဖက်ဆစ်စနစ်ကိုတော်လှန်ခဲ့သော ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကို အထိမ်းအမှတ်ပြု၍ နှစ်စဉ်ကျင်းပမြဲဖြစ်သောနေ့ကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ရဟန်းရှင်လူတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည်  တပ်မတော်နှင့်လက်တွဲကာ  ဖက်ဆစ်များကို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုအားသည် အားရကျေနပ်ဖွယ် ကောင်းအောင် အောင်မြင်မှုရခဲ့သည်။    နိုင်ငံတော်နှင့်နိုင်ငံသားတို့အပေါ် ကျရောက်နေသည့်  အန္တရာယ်ရန် စွယ်မှန်သမျှကို တပ်မတော်သည်ပြည်သူနှင့် လက်တွဲကာ အောင်ပွဲရသည်အထိ  တိုက်ထုတ်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ကောင်းသည့် သမိုင်းမှတ်တမ်းဖြစ်သည်။

တပ်မတော်အနေဖြင့်  ဖက်ဆစ်စနစ်ကို တော်လှန်ခဲ့သော  ၁၉၄၅  ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်တပ်မတော်နေ့ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သည်  လွတ်လပ်ရေးကင်းမဲ့နေသောမြန်မာနိုင်ငံကို လွတ်လပ်ရေးရရှိအောင်  ဦးဆောင်ကြိုးပမ်း အကောင်အထည် ဖော်နိုင်ခဲ့သည်။  ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ဦးဆောင်ကာ ဗမာ့(မြန်မာ့)လွတ်လပ်ရေးတပ်မတော်ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး ထိုမှစတင်ကာ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများ၊ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများကို ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြသည်။

တပ်မတော်နှင့်တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုစွမ်းအားကြောင့် မြန်မာ နိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းသောင်းကျန်းမှုချေမှုန်းရေးတိုက်ပွဲများ၊    ပြည်ပ ကျူးကျော်မှု ချေမှုန်းရေးတိုက်ပွဲများကို ဆက်လက်တိုက်ပွဲဝင်ခဲ့ရပြန်သည်။  မြန်မာနိုင်ငံတွင်  နိုင်ငံရေးစနစ်များ အမျိုးမျိုး ပြောင်းလဲခဲ့သော်လည်း တပ်မတော်သည်  အမျိုးသားနိုင်ငံရေးကိုသာ  တစိုက်မတ်မတ်စွဲကိုင်ထားခဲ့သည်။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် နိုင်ငံတော်ပြိုကွဲပျက်စီးမည့် အရေးများနှင့် ကြုံလေတိုင်း  တပ်မတော်က ဦးဆောင်ကာ အခြေအနေကောင်းများဆီသို့  ဖန်တီးစွမ်းဆောင်ပေးခဲ့သည်။ ကျစ်လျစ်ခိုင်မာ၍ စည်းလုံးညီညွတ်မှုရှိသော တပ်မတော်တစ်ရပ်ရှိနေခြင်းမှာ  မြန်မာနိုင်ငံအတွက်  အလွန်ကံကောင်းခြင်းဟု ဆိုနိုင်သည်။ 

ယနေ့အချိန်အခါတွင်၂၀၂၅ ခုနှစ်၊  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကနေ  ပြည်သူများ၏ ဆန္ဒနှင့်အညီ ရွေးကောက် တင်မြှောက်ခံထားရသည့်   ပြည်သူ့ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းထားသော   လွှတ်တော်အသီးသီး ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။    တတိယအကြိမ်အမျိုးသားလွှတ်တော်၊  ပြည်သူ့လွှတ်‌တော်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကြီးများကို ထည်ဝါခံ့ညားစွာ ကျင်းပနေပြီဖြစ်သည်။ ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း လွှတ်တော်အစည်းအဝေးများ ကျင်းပလျက်ရှိသည့် မြင်ကွင်းအားလုံးမှာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်သို့ အောင်မြင်စွာ လျှောက်လှမ်းနေသည့် မြင်ကွင်းများ ဖြစ်သည်။  လွှတ်တော်အသီးသီးတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်လျက်ရှိသည်မှာ  နိုင်ငံတော်နှင့်ပြည်သူတို့၏ ကောင်းကျိုးကို ပိုမိုသယ်ပိုးရန်ဖြစ်သည်။ 

တပ်မတော်သည် နိုင်ငံတော်ကို ဦးဆောင်တာဝန်ယူချိန်အတွင်း အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်။ အဆိုပါရင်ဆိုင်ရသည့် အခက်အခဲများတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်ကဖြစ်ပွားခဲ့သည့်  မန္တလေးငလျင်ကြီးသည်လည်းပါဝင်သည်။  အဆိုပါ ငလျင်ကြီးကြောင့်  ထိခိုက်ပျက်စီးမှုများကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးမှုများတွင် လွှတ်တော် အဆောက်အအုံများ ပါဝင်သဖြင့် ယခုလိုလွှတ်တော်အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြစ်သည်။  “နိုင်ငံတော်ရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေစွာ၊   နိုင်ငံသားတွေရဲ့ဂုဏ်တွေနဲ့လိုက်လျောညီထွေစွာ   ဒီလိုခံ့ညားထည်ဝါတဲ့  လွှတ်တော်အဆောက်အအုံကြီးတွေကို ပြုပြင်တည်ဆောက်ပေးတာ၊  လွှတ်တော်ကိုယ်စားလှယ်များရောက်ရှိလာတဲ့အခါမှာ  အစစအရာရာလို လေသေးမရှိအောင် ကြိုတင်မြော်တွေးပြီး  ဆောင်ရွက်ပေးခဲ့တာတွေအတွက် ပြည်ထောင်စုလွှတ်တော်က  နိုင်ငံတော်အစိုးရ၊  အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ကျေးဇူးဥပကာရအထူးတင်ရှိပါကြောင်း” ပြည်ထောင်စု လွှတ်တော် နာယကက မတ်လ ၂၀ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော်  တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက်  နိုင်ငံတော်၏အနာဂတ်လမ်းကြောင်း ဖြောင့်ဖြူးသာယာရေးကို  ဦးလည်မသုန် ထမ်းဆောင်လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။

MWD

Subject-Image

  • နိုင်ငံတော်၏အနာဂတ်လမ်းကြောင်းဖြောင့်ဖြူးသာယာရေး

Posted-Date