နိုင်ငံတော်အတွက် အမြဲအသင့်ရှိသည့် တပ်မတော်

      တပ်မတော်သည်နိုင်ငံတော်အတွက် ကြီးလေးသောတာဝန်များကို ထမ်းဆောင်နေရသည့် အဖွဲ့အစည်းဖြစ်သည်။ ထိုသို့ကြီးလေးသော တာဝန်များကို ထမ်းဆောင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အပ်နှင်းထားခြင်းဖြစ်သည်။ နိုင်ငံတိုင်းတွင် အမြင့်ဆုံးသောဥပဒေမှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ပေါ်ပေါက်လာရန်အတွက် ပထမဦးစွာအမျိုးသား ညီလာခံခေါ်ယူ ကျင်းပရသည်။ အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ဥပဒေ ရေးရာစသည့် ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်းတည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသား ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြသည်။

အခြေခံမူများကိုပထမဦးစွာ ရရှိအောင် အကျေအလည်၊ အပြန်ပြန်အလှန်လှန် ဆွေးနွေးကြရသည်။

အမျိုးသားညီလာခံကချမှတ်ပေးခဲ့သည့် အခြေခံမူများ၊ အသေးစိတ်အခြေခံရမည့် မူများနှင့်အညီ ယခုလက်ရှိ အသုံးပြုနေသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကိုရေးဆွဲခဲ့ကြခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးတို့၏ အနာဂတ်ကိုရည်မျှော်၍ ရေးဆွဲခဲ့သည့်အချက်များအနက်   ပုဒ်မ ၂၀(စ)၌ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟူ၍ ထည့်သွင်းပြဋ္ဌာန်းထားခြင်းဖြင့် တပ်မတော်ကို နိုင်ငံတော်အတွက် အလွန်ကြီးလေးသော တာဝန်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဆောင်ရွက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန်ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရတာဝန် ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့်ပါတီအား နိုင်ငံတော်၏ တာဝန်ကိုလွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်သည်။

စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ဆူပူဆန္ဒပြမှုများ၊ လက်နက်ကိုင်အကြမ်းဖက်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ဆူပူဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းနိုင်ခဲ့သည်။ NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် EAO အဖွဲ့များအနေဖြင့်  နိုင်ငံရေးဖြစ်စဉ်များကြောင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းအချို့တို့အား လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာ ခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုများရယူခဲ့သည်။ ထို့နောက် အကြမ်းဖက်သင်တန်းများ သင်ကြားပို့ချ၍ လက်နက်များတပ်ဆင်ပေးကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်စေရန် မြှောက်ပင့်ပေးခဲ့သည်။ 

မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက် အဖွဲ့အပါအဝင် အကြမ်းဖက်အဖွဲ့များ အမျိုးမျိုးပေါ်ပေါက်လာခဲ့သည်။ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာခဲ့သည့်အတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တည်ငြိမ်အေးချမ်းရေးကိုလိုလားသည့် ပြည်သူလူထုများနှင့် အတူတကွပူးပေါင်း၍ တရားဥပဒေနှင့်အညီ နှိမ်နင်းလျက်ရှိသည်။ တပ်မတော်အနေဖြင့် မိမိ၏မူလရည်မှန်းချက်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပေးခဲ့သည်။ ယခုအခါ ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်းအဝေးများကို အောင်မြင်စွာကျင်းပလျက်ရှိပြီး မကြာမီတွင်အစိုးရသစ် တစ်ရပ်ပေါ်ထွန်းလာမည်ဖြစ်သည်။

တပ်မတော်အနေဖြင့်နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင်ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်သည်။   တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်၍ စွမ်းရည်ရှိသည့်တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်အောင် တပ်မတော်သားတို့ကြိုးပမ်း တည်ဆောက်လျက်ရှိသည်။ ထိုသို့တည်ဆောက်လျက်ရှိရာတွင်  မိမိတို့တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာ အသုံးချနိုင်သည့်၊  ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သားများဖြစ်စေရန် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ 

တပ်မတော်သားများအနေဖြင့် တစ်ဦးချင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ဖြစ်သည့် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့် သင်ယူထားသော စစ်ပညာများကိုကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချနိုင်ရမည်ဖြစ်သည်။ စစ်မြေပြင်တွင်တစ်ဦးချင်း၏ တိုက်ပွဲစွမ်းရည်ကို ဟန်ချက်ညီပေါင်းစပ်၍ အဖွဲ့အစည်း၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်နိုင်ရမည်လည်းဖြစ်သည်။ ထို့အတူ ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင် ရမည်ဖြစ်သည်။ ပြည်သူမှယုံကြည် အားကိုးရသည့် စွမ်းရည်ပြည့်ဝသော တပ်များဖြစ်အောင် အမြဲကြိုးပမ်းဆောင်ရွက်နေခြင်းဖြင့် နိုင်ငံတော်အတွက် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်အဖြစ် ရပ်တည်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

MWD

အယ်ဒီတာ့အာဘော်

(၂ဝ၂၆  ခုနှစ်၊ မတ် ၂၆  ရက်)

Subject-Image

  • နိုင်ငံတော်အတွက် အမြဲအသင့်ရှိသည့် တပ်မတော်

Posted-Date