တရုတ်ရေတပ်၏ အံ့ဖွယ်အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းနှင့်အတူ ပင်လယ်ပြင်စိုးမိုးနိုင်မည့်အလားအလာ (၁)

Posted_Date

Image

တရုတ်ရေတပ်၏ အံ့ဖွယ်အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းနှင့်အတူ ပင်လယ်ပြင်စိုးမိုးနိုင်မည့်အလားအလာ (၁)

Body

ပင်စင်စား အဘွားအိုတစ်ဦးသည် မိတ်ဆွေများ၏ စကားသံများကြားတွင် "ဆိုရှယ်လစ်စနစ်သည် ကောင်းမွန်သည်..." ဟု ခရီးဆောင်ကာရာအိုကေ စပီကာ၏မိုက်ခရိုဖုန်းဖြင့် စည်းချက်မညီမညာ သီဆိုနေသည်။ အဘွားအိုနှင့် သူမ၏ မိတ်ဆွေများသည် "ကွန်မြူနစ်ပါတီသည် တရုတ်နိုင်ငံအား အာဏာနှင့် ချမ်းသာကြွယ်ဝမှုလမ်းကြောင်းဆီသို့ ဦးဆောင် လျက်ရှိသည်!" ဟူသော တေးသွားကို အတူတကွ သံပြိုင်လိုက်ဆိုနေကြသည်။

၎င်းသည် ကာရာအိုကေအတွက် အကောင်းဆုံး တေးသွားတစ်ပုဒ်မဟုတ်သော်လည်း အရွယ်စုံသော သင်္ဘောများကို တည်ဆောက်နေသော မိုးမျှော်ကရိန်းများဖြင့် ဝန်းရံထားသည့် ကောင်းကင်ယံဘက်သို့ ရှုမျှော်ကြည့်ရှုရင်း သီဆိုရန် သင့်လျော်လှပေသည်။

အရှေ့မြောက်ဘက်ကမ်းရိုးတန်းရှိ ဒါလီယန်မြို့မှ ဆူယူဝမ်ပန်းခြံသည် ဝါဟုန်ပင်လယ်ထဲသို့ ထိုးထွက်တည်ရှိနေပြီး တရုတ်နိုင်ငံ၏ အကြီးဆုံးသင်္ဘောကျင်းများထဲမှတစ်ခုကို ကြည့်ရှုနိုင်သော အံ့ဩဖွယ်ရှုခင်းများ ပိုင်ဆိုင်ထားကာ လူအများစုဝေးပြီး ပျော်ပွဲရွှင်ပွဲများ ပြုလုပ်လေ့ရှိရာနေရာလည်း ဖြစ်သည်။ သို့ရာတွင် ဝါရှင်တန်ဒီစီရှိ မိုင်ထောင်ပေါင်း များစွာ ကွာဝေးသော အိမ်ဖြူတော်မှ လေ့လာသုံးသပ်သူများအတွက်မူ တရုတ်၏ သင်္ဘောတည်ဆောက်ရေး အချက်အချာဒေသသည် ကြီးထွားလာနေသော ခြိမ်းခြောက်မှု၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေသည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း တရုတ်နိုင်ငံသည် သင်္ဘောတည်ဆောက်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင် ခဲ့သည်။ ၎င်းသည် အောင်မြင်မှုရရှိခဲ့ပြီး ယခုနှစ်အတွင်း ကမ္ဘာ့သင်္ဘောအပ်နှံမှု၏ ၆၀% ကျော်သည် တရုတ် သင်္ဘော ကျင်းများသို့ ရောက်ရှိခဲ့သည်။ ရိုးရှင်းစွာပြောရလျှင် တရုတ်နိုင်ငံသည် အခြားနိုင်ငံများထက် သင်္ဘောများကို ပိုမို မြန်ဆန်စွာ တည်ဆောက်နိုင်သောကြောင့် အခြားနိုင်ငံများထက် သင်္ဘောအများဆုံး တည်ဆောက်နေရခြင်း ဖြစ်သည်။

"ဤအရွယ်အစားကတော့ ထူးခြားလွန်းလှပါသည်... ဘက်ပေါင်းစုံက မျက်စိကျစရာပါပဲ" ဟု လန်ဒန်အခြေစိုက် နိုင်ငံတကာနည်းဗျူဟာများ လေ့လာရေးအင်စတီကျုမှ ရေကြောင်းပညာရှင် Nick Childs က ပြောကြားခဲ့သည်။ "တရုတ်၏ သင်္ဘောတည်ဆောက်နိုင်စွမ်းသည် အမေရိကန်ပြည်ထောင်စု၏ စုစုပေါင်း သင်္ဘောတည်ဆောက်နိုင် စွမ်းထက် အဆ ၂၀၀ ခန့် ရှိသည်"ဟု ၎င်းကဆိုသည်။

အဆိုပါ အရှိန်အဟုန်မြင့် ဦးဆောင်နေမှုသည် တရုတ်၏ ရေတပ်တွင်လည်း ရှိနေသည်။ ကွန်မြူနစ်ပါတီတွင် ယခုအခါ ကမ္ဘာ့အကြီးဆုံး ရေတပ်ရှိနေပြီဖြစ်ကာ စစ်သင်္ဘော ၂၃၄ စီးဖြင့် လည်ပတ်နေပြီး အမေရိကန်ရေတပ်၏ ၂၁၉ စီးထက် ပိုမိုများပြားနေသည်။

တရုတ်၏ မယုံကြည်နိုင်လောက်အောင် ကြီးထွားမှုသည် ပင်လယ်ပြင်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ စီးပွားရေး အဆင့်နှစ်ရှိသည့် တရုတ်နိုင်ငံတွင် ကမ္ဘာ့အလုပ်အများဆုံး ဆိပ်ကမ်း ၁၀ ခုအနက် ၇ ခု တည်ရှိပြီး ထို ဆိပ်ကမ်းများသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးလမ်းကြောင်းများအတွက် အလွန်အရေးကြီးသည်။ ထို့အပြင် ကမ်းရိုးတန်းဒေသ မြို့ကြီးများသည် ကုန်သွယ်ရေးကြောင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။

ပီကင်း၏ ရည်မှန်းချက်များ ကြီးထွားလာသကဲ့သို့ ၎င်း၏ စစ်သင်္ဘောလက်နက်ပစ္စည်းများလည်း ဖွံ့ဖြိုးလာနေပြီး တောင်တရုတ်ပင်လယ်နှင့် အခြားဒေသများတွင် ပိုမိုကျယ်ပြန့်သော အခွင့်အရေးကို ဆုပ်ကိုင်ရန်ယုံကြည်မှုလည်း မြင့်တက်လာလျက်ရှိသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပင်လယ်ပြင်ကို စိုးမိုးလိုသည်မှာ သေချာပေသည်။ စိုးမိုး နိုင်မည်လားဆိုသည်မှာမူ မေးခွန်းထုတ်စရာတစ်ခုပင် ဖြစ်သည်။

ရက်အနည်းငယ်အတွင်းကျင်းပမည့် စစ်ရေးပြချီတက်ပွဲကြီးသည် အဆိုပါ ရည်မှန်းချက်ဆီသို့ မည်မျှနီးကပ်စွာ ရောက်ရှိ နေသည်ကို ဖော်ပြနိုင်သည်။ အနောက်နိုင်ငံများ၏ လျစ်လျူရှုမှုကို ဆန့်ကျင်သော သတင်းစကားအဖြစ် ရှီကျင့်ဖျင် သည် ထိုပွဲသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အား ဖိတ်ကြား တက်ရောက် စေမည် ဖြစ်သည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် ထုတ်လွှင့်မှုနှင့် စစ်ရေးစွမ်းရည်ပြသမှုကို နီးကပ်စွာ စောင့်ကြည့်နေကြမည် ဖြစ်ပြီး၊ ယင်းတွင် သင်္ဘောဖျက်ဒုံးကျည်များ၊ ဟိုက်ပါဆောနစ်လက်နက်များနှင့် ရေငုပ်ဒရုန်းများ ပါဝင်မည်ဟု မျှော်မှန်း ရသည်။

"အမေရိကန်ရေတပ်သည် သိသိသာသာ အားသာချက်များရှိနေဆဲဖြစ်သော်လည်း တရုတ်နှင့် စွမ်းရည်ကွာဟမှုသည် ကျဉ်းမြောင်းလာနေသည်ကို တွေ့မြင်နေရပြီး ယင်းပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာဖွေရာတွင် ရုန်းကန် နေရသည်" ဟု Mr. Childs က ပြောကြားသည်။ "အဘယ်ကြောင့်ဆိုသော် ၎င်း၏ သင်္ဘောတည်ဆောက်နိုင်စွမ်းသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သိသိသာသာကျဆင်းသွားခဲ့သောကြောင့် ဖြစ်သည်"ဟု ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယင်းပြဿနာကို ဖြေရှင်းလိုကြောင်း ပြောကြားခဲ့ပြီး အမေရိကန်၏ သင်္ဘော တည်ဆောက်ရေးကို ပြန်လည်အသက်သွင်းရန်နှင့် အမေရိကန်၏ ရေကြောင်းဆိုင်ရာ အားသာချက်ကို ပြန်လည် ရယူရန် ညွှန်ကြားချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။ Mr. Childs က ယင်းသည် "အလွန်ခက်ခဲသော တာဝန်" ဖြစ်လာနိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

(ဆက်လက်ဖော်ပြသွားပါမည်)

ကိုးကား- BBC

BBC တွင် ဆောင်းပါးရှင် Laura Bicker ရေးသားသည့် China's huge navy is expanding at breakneck speed - will it rule the waves? အား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။