အနာဂတ်ကိုကောင်းမွန်စွာဖန်တီးတည်ဆောက်မည့် ပြည်သူ့စစ်မှုထမ်းများ
Posted_Date
Image
Body
လူငယ်များအနေဖြင့် မိမိတို့အသက် အရွယ်နှင့်ကျန်းမာရေးကောင်းမွန်မှုများ အရ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ခွင့်ရရှိခြင်းမှာ အလွန်ပင် ဂုဏ်သိက္ခာရှိသည့်တာဝန်ထမ်းဆောင်မှု ဖြစ်သည်။ နိုင်ငံသားတိုင်းသည် မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ရေးမှာ မွေးရာပါ တာဝန်အဖြစ်သိရှိကြပြီးဖြစ်သည်။ မိမိ နိုင်ငံကို မိမိတို့လူငယ်များကမှ မကာကွယ် ပါလျှင် မည်သူကလာရောက်ကာကွယ် မည်နည်း။ မိမိနိုင်ငံကို မိမိတို့လူငယ် တွေ ကာကွယ်လိုစိတ်နည်းပါးနေမည် ဆိုလျှင် အဆိုပါနိုင်ငံသည် သူတစ်ပါး၏ ကျူးကျော်မှု၊ ဗိုလ်ကျစိုးမိုးမှုများကို မလွဲမသွေကြုံတွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်ကျင့်သုံးခဲ့သည်မှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က ဖြစ်သည်။ အဆိုပါဥပဒေသည်နိုင်ငံတော် နှင့်နိုင်ငံသားများ၏အနာဂတ်လူမှုစီးပွား ဘဝအတွက် လွန်ခဲ့သည့်နှစ်ပေါင်း များစွာက ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်ရောက်မှစတင်ကျင့်သုံးခြင်း ဖြစ်သည်။ အခြားသောကမ္ဘာ့နိုင်ငံများ တွင်လည်း မိမိနိုင်ငံကိုမိမိတို့ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေများကို ထုတ်ပြန်ကာ ပြည်သူ့စစ်မှုထမ်းအဖြစ် နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည်အမှုထမ်းဆောင်ကြရ သည်။
ဤသို့ဆောင်ရွက်ခြင်းမှာ အရေးပေါ် အခြေအနေနှင့်ကြုံလာပါက နိုင်ငံ အတွင်းရှိလူငယ်လူရွယ်များအနေဖြင့် စစ်ပညာတတ်မြောက်ထားပြီး စစ်မှုထမ်း အတွေ့အကြုံရှိနေသည့်အတွက် မည်သည့် ရန်မျိုးကိုမဆိုလွယ်ကူစွာအနိုင်ယူနိုင်ကြ မည်ဖြစ်သည်။ ဂုဏ်ယူဖွယ်ကောင်းသည့်အမျိုးသားရေးတာဝန်ကို အသက် အရွယ်အရ အကျုံးဝင်သူများ တာဝန် သိစိတ်နှင့် ထမ်းဆောင်ခွင့်ရရှိစေရန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင် အသက်သွင်းခဲ့သည့်အတွက် ယခုအခါ ပြည်သူ့စစ်မှုထမ်းတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပြီးမြောက်သူများပင်ရှိလာပြီ ဖြစ်သည်။ မကြာမီအချိန်အတွင်းမှာ ဂုဏ်ယူဝမ်းသာဖွယ်ရာ အိမ်အပြန် ခရီးကို စတင်မည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင် ရသော နှစ်နှစ်တာကာလတွင် ပြည်သူ့ စစ်မှုထမ်းလူငယ်များသည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။ တာဝန်ကို ကျေပွန်သည့်အပြင် စေတနာပါပါ ထမ်းဆောင်ခဲ့ကြသည့်အတွက် ပြည်သူ့ စစ်မှုထမ်းလူငယ်အချို့မှာ ဂုဏ်ယူဖွယ် ကောင်းလှသည့် ဂုဏ်ပြုချီးကျူးခံရခြင်း များရှိခဲ့သည်။ သူတို့သည် သာမန်အရပ် သားဘဝမှ ပြည်သူ့စစ်မှုထမ်းများအဖြစ် သို့ ကူးပြောင်းရောက်ရှိလာသည့်အခါ ပထမဆုံးသူတို့အတွက်ရရှိသော ကောင်း ကျိုးမှာ တန်ဖိုးရှိသောလူငယ်များဖြစ်လာ ကြခြင်းပင်ဖြစ်သည်။ အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုလာတတ်သည်။ အချိန်နှင့်စား၊ အချိန်နှင့်သွားလှုပ်ရှားရသည့်အတွက် ကျန်းမာသန်စွမ်းသောလူငယ်များဖြစ်လာကြသည်။ တပ်မတော်သားတစ်ဦး အဖြစ်ပြည်သူ့စစ်မှုထမ်းကြရသည့်အခါ စစ်သားကြီးလုံးလုံး၊ ဗိုလ်မှူးကြီးရှုံးလောက် ရဲ့ဆိုစကားကဲ့သို့ သွက်လက်ဖျတ်လတ်ကျန်းမာကြံ့ခိုင်သည်မှာ ဒေါင်ဒေါင်ပင် မြည်တော့သည်။
ပြည်သူ့စစ်မှုထမ်းများ၏ စွမ်းဆောင်ချက် များသည် နိုင်ငံတော်လုံခြုံရေးအတွက် အလွန်အရေးပါသည့် အလှည့်အပြောင်း တစ်ခုဖြစ်သည်။ သမိုင်းစာမျက်နှာတွင် ပြည်သူ့စစ်မှုထမ်းများ၏စွမ်းဆောင်မှု ကို မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်။ သူတို့၏စွန့်လွှတ်စွန့်စားမှု၊ ရဲရင့်မှု၊ သတ္တိပြောင်မြောက်မှုက “နိုင်ငံတော် ကာကွယ်ရေးတာဝန်ဆိုသည်မှာ အမြဲတမ်း စစ်မှုထမ်းတပ်မတော်သားတွေသာမက နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည်” ဟူသောအနှစ်သာရကိုပီပြင်စွာဖော်ညွှန်း ပြသနိုင်ခြင်းဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ဥပဒေပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဆိုသည့်ပြဋ္ဌာန်းချက်ကိုလက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် စည်းကမ်းစနစ်ကျနစွာ စီမံဆောင်ရွက်ပေးထားသည်။ တရား နည်းလမ်းကျနစွာဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်ခြင်းမရှိပါက သတင်းပေး တိုင်ကြားဆက်သွယ်နိုင်ရန် လိပ်စာနှင့် ဖုန်းနံပါတ်များကိုနေ့စဉ်ထုတ်သတင်းစာ များတွင် ဖော်ပြထားပြီးဖြစ်သည်။ သင်တန်းတက်ရောက်ရန် သင်တန်းများ စတင်ဖွင့်လှစ်ခြင်း၊ သင်တန်းပြီးမြောက် ခြင်းစသည့်အချိန်အခါများတွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများကိုယ်တိုင် အလေးထားဂုဏ်ပြုခြင်းများ ဆောင်ရွက် လျက်ရှိသည်ကို သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ ထို့အတူ သင်တန်းသား များ၏ ရင်တွင်းစကားသံများကိုလည်း ပြည်သူများကြားသိအောင် ထုတ်လွှင့်ပြသ ခဲ့ပြီးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများကို နိုင်ငံတော်နှင့်ပြည်သူတို့က အလေးထား ကြည့်ရှုစောင့်ရှောက်မှု၊ ကြိုဆိုဂုဏ်ပြုမှု များ စဉ်ဆက်မပြတ်ရှိနေကြောင်းကို ထင်ရှားစွာပြနေခြင်းဖြစ်သည်။ လူငယ် များအနေဖြင့် ခံ့ညားထည်ဝါစွာပြည်သူ့ စစ်မှုထမ်းဆောင်ခွင့်ရရှိခြင်းဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို မိမိတို့၏ဘိုးဘွားများတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့၍ ယနေ့တိုင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အဖြစ် ကမ္ဘာ့ အလယ်တွင်မားမားမတ်မတ်ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ ခေတ်ကာလအလိုက် လူငယ်များ၏တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များနှင့်အတူ စွန့်လွှတ်စွန့်စားကာကွယ်ပေးခဲ့သည့် အတွက် နိုင်ငံတော်သီချင်းတွင်ဖော်ပြ ထားသည့်အတိုင်း “တရားမျှတလွတ်လပ် ခြင်းနဲ့မသွေ-တို့ပြည်-တို့မြေ- များလူ ခပ်သိမ်း-ငြိမ်းချမ်းစေဖို့-ခွင့်တူညီမျှ-ဝါဒ ဖြူစင်တဲ့ပြည်-တို့ပြည် တို့မြေ” အစချီ သော နိုင်ငံတော်သီချင်းကို ဂုဏ်ယူ ဝင့်ကြွားစွာသံပြိုင်ဟစ်ကြွေးနိုင်ခြင်းဖြစ် သည်။ လူငယ်တိုင်းက မိမိနိုင်ငံ၊ မိမိ လူမျိုးကို ချစ်ခင်မြတ်နိုးတန်ဖိုးထား ကာကွယ်လိုစိတ်ရှိနေမှသာ မြန်မာနိုင်ငံ သည် ကမ္ဘာ့အလယ်တွင် ထည်ဝါခံ့ညားစွာ ရပ်တည်နေနိုင်မည်ဖြစ်သည်။ ဘိုးဘွားအမွေစစ်ဖြစ်သည့် မြန်မာ နိုင်ငံကို မျိုးဆက်သစ်လူငယ်အဆက်ဆက် ကလည်း ရှေးကလူငယ်များနည်းတူ ကာကွယ်စောင့်ရှောက်ကြရမည်မှာ သမိုင်းအစဉ်အလာကောင်းဖြစ်သည်။ နိုင်ငံတော်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပေါ်ထွန်းလာပြီး အရွယ်ရောက်သူ နိုင်ငံသားတိုင်းကာကွယ်ရေးပညာကို သင်ကြားခွင့်ရရှိခြင်းသည် နိုင်ငံတော်နှင့် လူငယ်များ၏ အနာဂတ်အတွက် ကောင်းကျိုးတိုးပွားစေခြင်းဖြစ်သည်။ နိုင်ငံတိုင်းတွင် တပ်မတော်ကိုအင်အား ရှိအောင်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိရာတွင် မြန်မာနိုင်ငံ၏ကာကွယ်ရေး စွမ်းအားမြှင့်တင်ခြင်းနည်းလမ်းများထဲ တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်း လည်းပါဝင်ပေသည်။ “တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဟူသောဆောင်ပုဒ်သည် အမြဲတမ်းမှန်ကန် နေသည့်အမှန်တရားဖြစ်သည်။ အင်အား ချည့်နဲ့နေလျှင် သူများအောက်ကျခံနေ ရမည်သာဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများနှင့်ပတ်သက် လျှင် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး သတ်မှတ်အသက်အရွယ် အကျုံးဝင်သူတိုင်းကို တစ်ပြိုင်နက် စစ်မှုထမ်းဆောင်စေခြင်း မဟုတ်ဘဲ သတ်မှတ်အရည်အချင်းကိုက်ညီသူများ အနက် ကျန်းမာရေးဆေးအဆင့် အောင်မြင်ပြီးသူများကိုသာ ပြည်သူ့ စစ်မှုထမ်းအဖြစ် လစဉ်အလှည့်ကျ ခေါ်ယူနေခြင်းဖြစ်သည်။ ဥပဒေအရ အကျုံးဝင်သူများအနက် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်ရရှိသူများ ကိုလည်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိသည်။
ပြည်သူ့ စစ်မှုထမ်းအဖြစ် တပ်မတော်ရှိသင်တန်း ကျောင်းအသီးသီးတွင် စစ်ပညာရပ်များ ကို စနစ်တကျသင်ကြားပေးပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ကာလတစ်လျှောက် လုံးတွင် အမြဲတမ်းစစ်မှုထမ်းများနှင့် တန်းတူ လစာ၊ ရိက္ခာနှင့်အခြားရပိုင်ခွင့်၊ ခံစားခွင့်များကို အပြည့်အဝရရှိစေသည်။ ပြည်သူ့စစ်မှုထမ်းအတွေ့အကြုံကောင်း များကြောင့် သူတို့၏ တစ်ကိုယ်ရေ စည်းကမ်းပိုင်း ပိုမိုကောင်းမွန်လာသလိုစိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်မှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ ဇွဲ၊ လုံ့လနှင့် ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှုများကိုပါ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျရာအခန်းကဏ္ဍ အလိုက် တာဝန်သိနိုင်ငံ့သားကောင်းများ အဖြစ် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင် ခြင်းအတွေ့အကြုံများမှာ သူတို့၏ဘဝတွင် မမေ့နိုင်စရာ အတွေ့အကြုံကောင်းများ ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများတွင် ဆေးပညာမဟာဘွဲ့ရ ဆရာဝန်များအပြင် အခြားဘွဲ့လွန်၊ ဘွဲ့ရပညာတတ်လူငယ် များလည်း ပါဝင်နေသည်ကို တွေ့မြင် နေရခြင်းအားဖြင့် သူတို့၏စိတ်ဓာတ်နှင့် ဆောင်ရွက်ချက်မှာလေးစားဂုဏ်ယူဖွယ် ဖြစ်သည်။ ဤလောကတွင် မေတ္တာနှင့်စေတနာ တို့သည် ရောင်ပြန်ဟပ်သည်။ တစ်ဦးက စေတနာ၊ တစ်ဦးကမေတ္တာဆိုသည့် အတိုင်း ပြည်သူ့စစ်မှုထမ်းများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သတ်မှတ်ကာလ ပြည့်မြောက်ပါက နိုင်ငံတော်အနေဖြင့် လက်လွတ်စပယ် (မသိကျိုးကျွန်)ပြုကာ ပြန်လည်စေလွှတ် ခြင်းမျိုးမဟုတ်ပေ။ လူငယ်များကပြည်သူ့ စစ်မှုထမ်းတာဝန်ကိုကျေပွန်ပြီးမြောက်စွာ ထမ်းဆောင်ခဲ့သည့်အတွက် နိုင်ငံတော် အနေဖြင့်“စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ” ကိုဖွဲ့စည်းခဲ့ပြီး စစ်မှုထမ်းကာလ ပြည့်မြောက်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်း များရရှိအောင် ဆောင်ရွက်ပေးနေပြီဖြစ် သည်။
နိုင်ငံတော်လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ၏ အနာဂတ်ခရီးလမ်း သာယာဖြောင့်ဖြူး စေရန်၊ ဘဝအာမခံချက်များခိုင်မာစေရန် အတွက် နိုင်ငံတော်အစိုးရက ကောင်းမွန် သော အစီအမံများပြုလုပ်ပေးလျက်ရှိ သည်။ ပြည်သူ့စစ်မှုထမ်းများ၏အိမ်ပြန် ခရီး သို့မဟုတ် အနာဂတ်မှာပန်းခင်းသော လမ်းကို လျှောက်လှမ်းကြရတော့မည် ဖြစ်သည်။ အဆိုပါ စီမံခန့်ခွဲမှုကော်မတီကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီး များနှင့် တာဝန်ရှိသူများက လုပ်ငန်း ကော်မတီငါးခုဖွဲ့စည်းကာ ပြည်သူ့စစ်မှု ထမ်းတာဝန် အောင်မြင်စွာထမ်းဆောင်ပြီး သူများကို တာဝန်ပြီးဆုံးကြောင်း အသိ အမှတ်ပြုဂုဏ်ပြုလက်မှတ်ပေးအပ်ပြီး အလုပ်အကိုင်များရရှိနိုင်သည့်ရွေးချယ် စရာလမ်းကြောင်းများကိုလည်း ဖော်ဆောင် ပေးလျက်ရှိသည်။ ပထမဆုံးလမ်းကြောင်း အနေဖြင့် တပ်မတော်၏ရင်ခွင်တွင် ဆက်လက်ခိုလှုံပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင် လိုသူများအတွက် အမြဲတမ်းစစ်မှုထမ်း အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခွင့် ပြုခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းလူငယ် များသည် နှစ်နှစ်တာစစ်မှုထမ်းကာလ အတွင်းတွင် စစ်ပညာရပ်များကို ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်ထားကြပြီဖြစ်ပြီး စည်းကမ်းလိုက်နာမှု၊ ရဲရင့်မှုနှင့် ကြံ့ခိုင်မှု များကို လက်တွေ့နယ်ပယ်တွင် သက်သေပြ နိုင်ခဲ့ပြီးဖြစ်၍ တပ်မတော်က ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့် လက်ကမ်းကြိုဆို လျက်ရှိသည်။ အမြဲတမ်းစစ်မှုထမ်းအဖြစ် ကူးပြောင်းတာဝန်ထမ်းဆောင်လိုသူများ ကို လက်ရှိတာဝန်ထမ်းဆောင်ခဲ့သည့် နှစ်နှစ်တာကာလကို စစ်မှုထမ်းသက်အဖြစ် အသိအမှတ်ပြုပေးသွားမည်ဖြစ်ပြီး သူတို့၏ အရည်အချင်းနှင့်သင့်လျော်သည့် ရာထူး အဆင့်ဆင့်ကိုလည်း တိုးမြှင့်ပေးအပ်သွား မည်ဖြစ်သည်။ အထူးသဖြင့် တက္ကသိုလ်တက်ရောက် ဆဲ ကျောင်းသားများနှင့် တက္ကသိုလ် ဝင်တန်းအဆင့် အောင်မြင်ပြီးသူများကို တပ်ကြပ်ကြီးအဆင့်အထိ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်စေမည်ဖြစ်သည်။ ထို့ပြင် သတ်မှတ်ထားသည့် အရည် အချင်းနှင့် ကိုက်ညီမှုရှိခဲ့လျှင် သက်ဆိုင်ရာ ဗိုလ်သင်တန်းသို့ ဝင်ရောက်ဖြေဆိုခွင့် ရှိမည်ဖြစ်သည်။ ထို့ကြောင့် ယခုပထမ လမ်းကြောင်းမှာ မျိုးချစ်စိတ်ဓာတ် ထက်သန်ပြီး ရဲရဲဝံ့ဝံ့စွန့်စားလိုသည့်အပြင် တပ်မတော်သားဘဝကို မြတ်နိုးသူများ အတွက် ဂုဏ်ယူဝင့်ကြွားစွာ ရွေးချယ်သင့် သော လမ်းကြောင်းကောင်းတစ်ခုဖြစ် သည်။
တပ်မတော်သားဆိုသည်မှာ ကိုယ်တိုင်ဆန္ဒဖြင့် အမှုထမ်းကြသူများ ဖြစ်သည့်အတွက် အမြဲတမ်းစစ်မှုထမ်း အဖြစ်ဆက်လက်တာဝန်ထမ်းဆောင်ရေး ကို အတင်းအကျပ်တွန်းအားပေးခြင်းမျိုး ရှိမည်မဟုတ်ပေ။ ကာယကံရှင်ကိုယ်တိုင် ၏ဆန္ဒအရ တပ်မတော်သားဘဝ ကို အမှန်တကယ်ချစ်ခင်မြတ်နိုးပြီး တပ်မတော်တွင်တာဝန်ဆက်လက်ထမ်း ဆောင်လိုသူများကိုသာ လက်ခံပေးသွား မည်ဖြစ်သည်။ ဒုတိယမြောက် ရွေးချယ်စရာလမ်း ကြောင်းမှာ အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အဖြစ်ကူးပြောင်းတာဝန်ထမ်းဆောင်လို သူများအတွက် စီစဉ်ပေးထားသည့်အခွင့် အလမ်းကောင်းတစ်ခုဖြစ်သည်။ ပြည်သူ့ စစ်မှုထမ်းတာဝန်ပြီးဆုံးကြောင်း အသိ အမှတ်ပြုလက်မှတ်ရရှိထားပြီး သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသူများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်သက်ဆိုင် ရာဝန်ကြီးဌာနများပူးပေါင်းကာ ဝန်ထမ်း အဖြစ် ဦးစားပေးခန့်အပ်ခြင်းဖြစ်သည်။ ခန့်အပ်ရာတွင်မူလအသက်သတ်မှတ်ချက် ကို သုံးနှစ်အထိတိုးမြှင့်လက်ခံပေးသွား မည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများထဲမှ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်သူ များအနေဖြင့်လည်း သတ်မှတ်ကာလ ပြည့်ပြီးပါက မူလနေရာဌာနများမှာ မူလတာဝန်များအတိုင်း ပြန်လည်ခန့်အပ် ပြီး စစ်မှုထမ်းကာလနှစ်နှစ်ကို လုပ်သက် အဖြစ် ထည့်သွင်းတွက်ချက်ပေးသွား မည်ဖြစ်သည်။ တတိယမြောက်ရွေးချယ်စရာလမ်း ကြောင်းမှာ အစိုးရဝန်ထမ်းအဖြစ်မလုပ် ကိုင်လိုဘဲ ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကဏ္ဍများတွင် ဝင်ရောက်လုပ်ကိုင်လိုသူ များအတွက် အလုပ်သမားဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်ပေးမည့်အစီအစဉ် ဖြစ်သည်။ အစီအစဉ်အရ အလုပ်သမား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ပူးပေါင်းပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးသူများကို ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် ဦးစားပေး ခန့်အပ်သွားမည်ဖြစ်သည်။ ပြည်သူ့ စစ်မှုထမ်းဟောင်းများ၏ စည်းကမ်း လိုက်နာမှု၊ အဖွဲ့အစည်းနှင့် ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲနိုင်မှုအပြင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် မှန်ကန်သည့် စိတ်ဓာတ်ရေးရာများမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် အလွန်တန်ဖိုးရှိ လှသည့် လူသားအရင်းအမြစ်များဖြစ် သည်။ ထို့ကြောင့်လည်း စီးပွားရေး လုပ်ငန်းရှင်ကြီးများက သူတို့ကိုဝမ်းပန်း တသာလိုလိုလားလားလက်ကမ်းကြိုဆို လျက်ရှိသည်။ အလုပ်သမားဝန်ကြီးဌာန နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများပူးပေါင်းပြီး ပြည်ပ နိုင်ငံများသို့ အလုပ်သမားစေလွှတ်သည့် နေရာမှာလည်း စစ်မှုထမ်းတာဝန် ကျေပွန်ခဲ့သူများကို အထူးဦးစားပေး စေလွှတ်သွားရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်သည်။ စတုတ္ထအနေဖြင့် နောက်ဆုံးလမ်း ကြောင်းကတော့ တပ်မတော်သားအဖြစ်၊ အစိုးရဝန်ထမ်းအဖြစ် အသက်မွေး ဝမ်းကျောင်းမပြုလိုသူများကို မိမိတို့၏ ဇာတိချက်ကြွေ မွေးရပ်မြေကိုပြန်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအပါအဝင် ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် လိုအပ်မည့်အရင်းအနှီးနှင့် ချေးငွေများကို နိုင်ငံတော်အစိုးရကသတ်မှတ်ချက်နှင့်အညီ ထုတ်ချေးပေးမည်ဖြစ်သည်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းအတွက် နည်းပညာများ ကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့် လိုအပ်ချက်များကို ပြည့်စုံအောင် ဖြည့်ဆည်းပေးမည်ဖြစ် သည့်အတွက် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပြီးသူများအနေဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကကဲ့သို့ ရိုးသားမှု၊ ကြိုးစားမှုဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။
“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်” ဟူ၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၃၈၆ တွင်ပြဋ္ဌာန်းထားသည် များကို လက်တွေ့အကောင်အထည်ဖော် ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့ စစ်မှုထမ်းအမှတ်စဉ် (၁/၂၀၂၄)တွင် မိမိ ဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးပြီး တာဝန်ထမ်းဆောင် ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုသို့တာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ချီးမြှင့်ပေးအပ်ခြင်း အခမ်း အနားများကို ဧပြီလ ၁၁ ရက်တွင် တိုင်း စစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ခဲ့ သည်။ ယခုကဲ့သို့ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်၍ သတ်မှတ်ကာလပြည့် မြောက်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့် ခြင်းမှာနိုင်ငံတော်အတွက်နိုင်ငံ့သားကောင်း များပီပီ တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြသူများကို ထိုက်ထိုက်တန်တန် တန်ဖိုးထားခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုနှင့်တာဝန် သိမှုကိုဖော်ပြသည့် သမိုင်းဝင်မှတ်တိုင် တစ်ခုဖြစ်သည်။ လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းများ၊သင်တန်းတက်ရောက်နေဆဲဖြစ်သည့် ပြည်သူ့စစ်မှုထမ်းများနှင့် နောင်လာ နောက်သား မျိုးဆက်သစ်လူငယ်လူရွယ် များအတွက် စံနမူနာကောင်းလည်းဖြစ် သည်။ မည်သည့်အလုပ်မဆို ကိုယ်တိုင်ကိုယ် ကျလုပ်ကိုင်ဆောင်ရွက်ပြီးမှသာ အကျိုး အကြောင်း၊ အဆိုးအကောင်းကိုသိရှိနိုင် မည်ဖြစ်ပေရာ ပြည်သူ့စစ်မှုထမ်းတာဝန် ကို ကျေပွန်စွာထမ်းဆောင်ပြီးမြောက်သူများအဖို့ နိုင်ငံတော်၏မေတ္တာစေတနာ ကို နားလည်သဘောပေါက်ကြပြီဖြစ် သည်။ ယခင်ကမဟုတ်မမှန်သတင်းများ ထုတ်လွှင့်ကာ နိုင်ငံပျက်စီးရေးအဖျက် အမှောင့်သမားများ၏ သတင်းအမှားများ သည် ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်သူ လူငယ်များ၏ အနာဂတ်မှာ ကြိုက် နှစ်သက်ရာလမ်းကြောင်းကို ရွေးချယ် လျှောက်လှမ်းခြင်းဖြင့် အနာဂတ်ကို ကောင်းမွန်အောင် ဖန်တီးတည်ဆောက် နိုင်ပြီဖြစ်ပါကြောင်း ရေးသားတင်ပြအပ် ပါသည်။ ။
MWD
