ကိန်းဂဏန်းများက သက်သေထူနေသည့် မြန်မာနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး အမှန်တရား
Posted_Date
Image
Body
လူအများသိနေကြတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတွေဟာ မြန်မာနိုင်ငံက စတင်ခဲ့တာမဟုတ်ဘဲ နိုင်ငံခြားသားဝိသမ လောဘသားများက အရှေ့တောင်အာရှနိုင်ငံအချို့ရဲ့ နယ်စပ်တွေမှာအခြေချပြီး တရားမဝင်လုပ်ကိုင်နေတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေဖြစ်ပါတယ်။ အဲဒီနိုင်ငံဖြတ်ကျော်မှုခင်းတွေကို ဦးဆောင်ကျူးလွန်နေသူတွေဟာ ပြည်ပနိုင်ငံသားတွေသာဖြစ်ပြီး အခြားနိုင်ငံသားများကို ပြစ်မှုကျူးလွန်ရန်အသုံးချရာမှတစ်ဆင့် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှု၊ လက်နက်ခဲယမ်း တရားမဝင်မှောင်ခိုရောင်းဝယ်မှုစတဲ့ ရာဇဝတ်မှုကြီးများနဲ့ ဆက်နွှယ်ရာကနေဒေသတွင်းသာမက ကမ္ဘာတစ်ဝန်းလုံးကိုပါ ခြိမ်းခြောက်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား အလှမ်းမမီတဲ့ လက်နက်ကိုင်သောင်းကျန်းသူအချို့ရဲ့ နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကစိမ့်ဝင်လာပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ဆက်စပ်ရာဇဝတ်မှုခင်းများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဒီပြဿနာကို ရိုးရိုးသာမန်ရာဇဝတ်မှုများလို သဘောမထားဘဲ ပြတ်ပြတ်သားသားနှိမ်နင်းခဲ့တာကို ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်များ၊ ပါဝင်ပတ်သက်ခဲ့တဲ့ ပြည်ပနိုင်ငံသားများ၊ တရားမဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားများနဲ့ ဖမ်းဆီးရမိခဲ့တဲ့ဆက်စပ်ပစ္စည်း ကိန်းဂဏန်းများက သက်သေပြနေပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာနိုင်ငံနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ခံယူပြီး အားသွန်ခွန်စိုက် အင်တိုက်အားတိုက် ပြတ်ပြတ်သားသား နှိမ်နင်းလျက်ရှိသလို အရေးယူဆောင်ရွက်ချက်တွေကိုလည်း ပွင့်လင်းမြင်သာစွာ သတင်းများ ထုတ်ပြန်အသိပေးလျက်ရှိပါတယ်။
ဒီလိုလုပ်ဆောင်နေတာဟာ နိုင်ငံတော်ရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ ဒုစရိုက်ဘေးကနေ ကင်းဝေးစေဖို့နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝအကာအကွယ်ပေးဖို့အတွက် ဥပဒေနဲ့အညီ လုပ်ဆောင်ပေးနေတာဖြစ်သလို မြန်မာနိုင်ငံမှာအခြေပြုပြီး နယ်စပ် ဖြတ်ကျော်မှုခင်းများ နိုင်ငံတကာကို မရောက်ရှိသွားစေရေးအတွက် တာဝန်သိမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။
အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေစိမ့်ဝင်နေပြီး အစိုးရအုပ်ချုပ်ရေးယန္တရား အပြည့်အဝမရှိတဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ နယ်မြေတွေမှာ အခြေပြုနေတဲ့ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကိုလည်း စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ အလေးထားပြီးဖြိုခွင်းလျက်ရှိနေပါတယ်။
ဒီလိုဖြိုခွင်းရာမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို နယ်စပ်ဒေသများမှာ အမြစ်ပြတ်ရှင်းလင်းဖို့နဲ့ ပြည်တွင်းအထိပျံ့နှံ့ရောက်ရှိမလာစေဖို့ “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကြီးကြပ်တိုက်ဖျက်ရေး ဗဟိုကော်မတီ” နဲ့ “အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဗဟိုဌာန” (Anti Scam Centre- ASC)တွေကိုဖွဲ့စည်းထားပြီး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းရေးဆွဲခြင်း၊ တရားမဝင် ရောက်ရှိလုပ်ကိုင်နေတဲ့နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်းပေးခြင်း၊ ပြည်တွင်း၊ ပြည်ပက အဓိက တရားခံတွေကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။
ဒီလိုလုပ်ကိုင်ဆောင်ရွက်မှုများကို မျက်ကွယ်ပြုပြီး နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့အဆိုးမြင်ဒေါ်လာစားမီဒီယာတွေက ပြည်သူလူထုနဲ့ နိုင်ငံတကာက အထင်အမြင်လွဲမှားစေဖို့ သတင်းအတု၊ သတင်းအမှားများနဲ့ အစိုးရရဲ့အွန်လိုင်း လိမ်လည်မှုနှိမ်နင်းရေး လုပ်ငန်းများကို ပုံရိပ်ကျဆင်းအောင် နှောင့်ယှက်လုပ်ဆောင်နေကြတာ မြင်တွေ့ကြားသိနေရပါတယ်။
အဆိုးမြင်မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United States Institute of Peace- USIP)ရဲ့ ၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို ညွှန်းဆိုပြီး မြန်မာနိုင်ငံဟာ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ အဓိကလည်ပတ်နေတဲ့ ဗဟိုချက်ဖြစ်တယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ပုံကြီးချဲ့ကာ ပြည်သူတွေ အထင်အမြင်လွဲမှားစေဖို့ ဖော်ပြခဲ့ပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေအဓိကလည်ပတ်နေဆဲ ဖြစ်တယ်လို့ မဟုတ်မမှန် ဝါဒဖြန့်ချိနေကြပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံတော်အစိုးရအနေနဲ့ ဒီကိစ္စတွေကို မျက်ကွယ်ပြုထားတာမျိုး ဒါမှမဟုတ် နောက်ကွယ်ကနေ ပတ်သက်ဆက်နွှယ်နေတာမျိုး လုံးဝမရှိဘူးဆိုတာကို အခိုင်အမာပြောကြား လိုပါတယ်။ ၂၀၂၃ ခုနှစ်ကတည်းကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို မြန်မာနိုင်ငံအစိုးရက အမြစ်ပြတ်တိုက်ဖျက်ရှင်းလင်းခဲ့တယ်ဆိုတာကို အဲဒီ USIP အဖွဲ့အစည်းကြီးကတောင် တရားဝင်အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုကိစ္စရပ်တွေမှာ အစိုးရဝန်ထမ်းတွေအနေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေပြုလုပ်ပြီး ပါဝင်ပတ်သက်ခဲ့တာမျိုး စစ်ဆေးတွေ့ရှိရရင်လည်း ဘယ်သူ့မျက်နှာမှမထောက်ထားဘဲ ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အစိုးရက အတိအလင်း သတင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေသာမက မြန်မာနိုင်ငံသားတွေပါ များစွာနစ်နာဆုံးရှုံးနေရတဲ့ ဒီလိုဆိုးရွားလှတဲ့လုပ်ရပ်တွေဟာ နိုင်ငံဖြတ်ကျော်တဲ့ သဘောသဘာဝရှိတာကြောင့် အဲဒီလိုရာဇဝတ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့အတွက်ကိုလည်းနိုင်ငံတော်အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။
ဒီလိုဆိုးရွားလှတဲ့ အွန်လိုင်းလိမ်လည်မှုကိစ္စကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရဟာ မိမိတို့နိုင်ငံတစ်ခုတည်းသာမကဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့နဲ့ နီးနီးကပ်ကပ်ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၄ ခုနှစ်အတွင်းမှာ Operation Storm လို့အမည်ပေးထားတဲ့ အထူးစစ်ဆင်ရေးကြီးတစ်ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ အခြေချလုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပေါင်း ရာနဲ့ချီကိုလည်း အပြီးတိုင်ဝင်ရောက်ချေမှုန်းနိုင်ခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ အဓိကတရားခံတွေကိုတော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ထံကို စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သလို လူပေါင်းသောင်းနဲ့ချီပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးကို လုံခြုံစိတ်ချစွာပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
ဒါတင်မကသေးဘဲ မြန်မာ၊ တရုတ်နဲ့ ထိုင်း သုံးနိုင်ငံအကြားမှာ အထူး Task Force တစ်ရပ်ဖွဲ့စည်းပြီး ထိရောက်တဲ့ Action Plan တွေရေးဆွဲကာ ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစလို့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ သုံးနိုင်ငံစစ်ဆင်ရေးကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်းအသုံးပြုပြီး လိမ်လည်နေမှုတွေကို တိုက်ဖျက်ဖို့အတွက် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့လည်း အချိတ်အဆက်မိမိစဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့်မို့လို့ ယနေ့အချိန်မှာဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းရာဇဝတ်မှု တိုက်ဖျက်ရေးကဏ္ဍမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုနေကြပြီဖြစ်ပါတယ်။
ဒီလိုအသိအမှတ်ပြုခံရခြင်းရဲ့ အကြောင်းတရားကတော့ နိုင်ငံတော်အကြီးအကဲရဲ့ စဉ်ဆက်မပြတ် လမ်းညွှန်ချက်များနဲ့အညီ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဗဟိုဌာနက နယ်စပ်ဒေသများအပါအဝင် ပြည်တွင်းရှိမြို့ရွာအသီးသီးမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ မကြီးထွားလာစေရေးအတွက် နည်းပညာအရ ထိန်းချုပ်ခြင်းအပါအဝင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ အခြေပြုနေတဲ့နေရာတွေကို စီးနင်းဝင်ရောက်ဖမ်းဆီးတာတွေ ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ပါတယ်။
နည်းပညာအရထိန်းချုပ်ရာမှာ အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်သည့် IP Address ပိတ်ဆို့မှုများ၊ ဘဏ်စာရင်းပေါင်း ထောင်နှင့်ချီပိတ်သိမ်းမှုများ၊ Cryptocurrency နှင့် အဆင့်မြင့်ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ တရားမဝင် Internet Bandwidth များ၏ တည်နေရာကို ခြေရာခံ၍ စီးနင်းမှုများ၊ တရားမဝင်ငွေလွှဲလုပ်ငန်း(Hundi)များမှတစ်ဆင့်စီးဆင်းနေသည့် ငွေကြေးလမ်းကြောင်း
များကို စောင့်ကြည့်ဖမ်းဆီးခြင်းများ၊ နယ်စပ်ဒေသများတွင် အသုံးပြုနေသည့် တရားမဝင် ဂြိုဟ်တုအင်တာနက်များအား ပိတ်ဆို့ဖြတ်တောက်ခြင်းများ စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။
KNU အကြမ်းဖက်သောင်းကျန်းသူများ နယ်မြေမှာ လက်ခံထားတဲ့ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို Border Safety Operation အမည်ဖြင့် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတစ်ရပ်ကို အရှိန်အဟုန်နဲ့ ဖော်ဆောင်လျက်ရှိပါတယ်။ အထူးသဖြင့် မြဝတီ-မဲ့ထော်သလေး(KK Park)နဲ့ ရွှေကုက္ကိုလ်နယ်မြေတွေမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ အခိုင်အမာတည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို စက်ယန္တရားကြီးတွေနဲ့ ကျူပင်ခုတ်ကျူငုတ်မကျန်ရလေအောင် မြေလှန်ဖြိုချဖျက်ဆီးပေးခဲ့တဲ့အပြင် ဖြိုဖျက်မှုမှတ်တမ်းဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကိုလည်း နိုင်ငံတကာသို့ ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။
ဒီလိုနိုင်ငံတော်အစိုးရရဲ့ အဖွဲ့စုံပူးပေါင်းစစ်ဆင်ရေးတွေနဲ့ အရှိန်အဟုန်ပြင်းပြင်း ရှင်းလင်းဖယ်ရှားခဲ့တဲ့ မှတ်တမ်းတွေဟာ ငြင်းလို့မရတဲ့သက်သေ အထောက်အထားများဖြစ်ပါတယ်။ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေအတွင်းမှာဆိုရင် ဒုစရိုက်လုပ်ငန်းတွေအတွက် အသုံးပြုခဲ့တဲ့ တရားမဝင် အဆောက်အအုံပေါင်း ၆၃၅ လုံးကို နိုင်ငံတော်ရဲ့ ဥပဒေအာဏာစက်နဲ့အတူ အဆင့်မြင့်နည်းပညာတွေသုံးပြီး အစအနမကျန် ဖြိုချဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။
ဒီလိုပြတ်ပြတ်သားသား နှိမ်နင်းဖမ်းဆီးခဲ့ရာမှာ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများရဲ့ အသုံးချခံနေရတဲ့ ပြည်ပနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေကိုအခြေခံပြီး သူတို့ရဲ့သက်ဆိုင်ရာမိခင်နိုင်ငံတွေဆီကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိပါတယ်။
ကရင်ပြည်နယ်အတွင်း ရှာဖွေကူညီကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံခြားသားများ၏ထွက်ဆိုချက်တွေအရ ထိုင်းနိုင်ငံကို လေကြောင်းခရီးနဲ့ဝင်ရောက်ပြီး ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ မော်တော်ယာဉ်/ လေယာဉ်တို့ဖြင့် ပို့ဆောင်ခြင်း၊ မဲဆောက်မြို့မှတစ်ဆင့် သောင်ရင်းမြစ်ကို တရားမဝင်ဖြတ်ကူးပြီး ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာရှိတဲ့ ကုမ္ပဏီများကို ပို့ဆောင်ခြင်း၊ ဗီဇာအမျိုးမျိုးဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိပြီး မော်တော်ယာဉ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့အတွင်းရှိကုမ္ပဏီများကိုပို့ဆောင်ခြင်း စတဲ့လမ်းကြောင်းတွေကနေတစ်ဆင့် လူကုန်ကူးခံခဲ့ကြရတာဖြစ်ပါတယ်။ သက်ဆိုင်ရာသံရုံးတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံသားတွေကို လူကုန်ကူးခံရသူတွေအဖြစ်နဲ့ဖော်ပြပြီး အကူအညီတောင်းနေကြပေမယ့် အဲဒီထဲက တချို့ကတော့ လူကုန်ကူးခံရသူတွေမဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် ကိုယ်တိုင်လာရောက် လုပ်ကိုင်နေကြသူတွေဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်ကနေပြီး ၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင် ဝင်ရောက်နေသူတွေအပါအဝင် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုလုပ်ငန်း လုပ်ကိုင်တဲ့နေရာတွေကို ဖော်ထုတ်အရေးယူခဲ့ရာမှာ ပါဝင်ပတ်သက်သူ နိုင်ငံခြားသား ၇၁၉၇၅ ဦးကို နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။
ပြည်ပနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုအရ သူတို့ရဲ့မိခင်နိုင်ငံအသီးသီးဆီ ပြန်လည်လွှဲပြောင်းပေးအပ်နေသလိုမျိုးပဲ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်ပတ်သက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ တည်ဆဲဥပဒေတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပြီး အွန်လိုင်းလိမ်လည်မှုကိစ္စကို အမြစ်ပြတ်သွားအောင် လုပ်ဆောင်လျက်ရှိပါတယ်။
ဖမ်းဆီးရမိထားတဲ့ ပြည်တွင်းကတရားခံတွေကို အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေအစရှိတဲ့ သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်လှစ်ပြီး ပြင်းပြင်းထန်ထန် တရားစွဲဆိုအရေးယူလျက်ရှိပါတယ်။
အမှန်တကယ်တော့ ဝိသမလောဘသားပြည်ပနိုင်ငံသားတွေ ကြိုးကိုင်ထားတဲ့ အွန်လိုင်းလိမ်လည်မှုကိစ္စမှာ ပါဝင်ပတ်သက်နေကြသူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းတွေသာဖြစ်တယ်ဆိုတာကို ခိုင်လုံတဲ့သက်သေ အထောက်အထားတွေက ရှင်းလင်းစွာဖော်ပြနေပါတယ်။ အထူးသဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ဟာ သူတို့စိုးမိုးထားတဲ့နေရာမှာ တရားမဝင်ဒုစရိုက်သမားတွေကို လုံခြုံအောင်အကာအကွယ်ပေးထားပြီး အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို ကိုယ်ကျိုးစီးပွားအတွက် လောဘတက်ကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ပြုထားတာပဲဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲက အွန်လိုင်းလိမ်လည်မှုတွေရဲ့ ဇာတ်လမ်းအစ တရားမဝင်မြေငှားစာချုပ်မှာ KNU ရဲ့ ဘဏ္ဍာရေးကော်မတီ တာဝန်ခံဖြစ်သူ ဖဒိုစောကွယ်ထူးဝင်း (လက်ရှိဥက္ကဋ္ဌ)ကိုယ်တိုင်က လက်မှတ်ရေးထိုးခဲ့ပြီး ဒုတိယအသိသက်သေအနေနဲ့လည်း ဖဒိုစောရောဂျာခင်ကိုယ်တိုင် အသီးသီးပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာဟာ သူတို့ရဲ့ကိုယ်ကျိုးရှာ မတရားတဲ့လုပ်ရပ်တွေကို အထင်အရှား သက်သေပြသနေပါတယ်။
မြေပြင်ဖော်ထုတ်ချက်များအရ ပကတိအမှန်တရားကတော့ မြန်မာနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို ကိုယ်တိုင်ဖန်တီးခဲ့တာမျိုး မဟုတ်ဘဲ ပြည်ပက ရာဇဝတ်ဂိုဏ်းတွေက နယ်စပ်ဒေသ မတည်ငြိမ်တာကိုအခွင့်ကောင်းယူပြီး ခိုအောင်းအခြေပြုလုပ်ခဲ့တာသာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ အဲဒီအွန်လိုင်းလိမ်လည်မှု ဂိုဏ်းဝင်တွေကို တရားဝင်လက်ခံထားတာမျိုး မရှိသလို ဧည့်သည်အဖြစ် လက်မခံဘဲ "Operation Storm"နဲ့ "Border Safety Operation" ကဲ့သို့သော စစ်ဆင်ရေးများနဲ့အမြစ်ပြတ်ဖယ်ရှားခဲ့တာကို ကမ္ဘာသိအောင်လုပ်ဆောင်ပြသလျက်ရှိပြီး အဆိုးမြင်ဝါဒီများ စွပ်စွဲနေသလို မြန်မာနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှုဗဟိုချက်မဟုတ်ဘဲ “ဒုစရိုက်သမားများရဲ့ကျူးကျော်ခံရမှုကို ရှင်းလင်းနေသူ” ဖြစ်တယ်ဆိုတာကို နိုင်ငံတကာကို ရှင်းလင်းပြတ်သားစွာ အသိပေးလိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖယ်ရှားနိုင်ခဲ့မှုတွေဟာ ဘယ်သူမှငြင်းပယ်လို့မရနိုင်တဲ့ လက်တွေ့မြေပြင် အမှန်တရားပဲဖြစ်ပါတယ်။ သောင်းနဲ့ချီတဲ့ဖမ်းဆီးရမိမှု ကိန်းဂဏန်းအချက်အလက်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကိုစနစ်တကျပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့တဲ့ ခိုင်လုံတဲ့မှတ်တမ်းတွေက နိုင်ငံတော်အစိုးရရဲ့ အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်မှုတွေကို အခိုင်အမာသက်သေထူပြသနေပါတယ်။
ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးစစ်ပွဲကြီးမှာ ရှေ့တန်းကမားမားမတ်မတ်ရပ်တည်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီလိုအောင်မြင်မှုတွေကို လွဲမှားတဲ့ရှုထောင့်တွေကနေ တစ်ဖက်သတ်ဝေဖန်နေမယ့်အစား အပြုသဘောဆောင်ကာ အမှန်တရားနဲ့ ကိန်းဂဏန်းတွေက သက်သေထူနေတဲ့ မြန်မာနိုင်ငံရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးကြပါရန် နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ။
