ရွှေရောင်အိပ်မက်များ နောက်ကွယ်က အွန်လိုင်းလိမ်လည်မှု လုပ်ငန်း၏ လူကုန်ကူးမှုကျော့ကွင်း

Posted_Date

Image

ရွှေရောင်အိပ်မက်များ နောက်ကွယ်က အွန်လိုင်းလိမ်လည်မှု လုပ်ငန်း၏ လူကုန်ကူးမှုကျော့ကွင်း

Body

     ယနေ့ခေတ်ကာလတွင် စီးပွားရေး အကျပ်အတည်းနှင့်   အလုပ်အကိုင်ရှားပါးမှုများကို အခွင့်ကောင်းယူကာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများတွင် အဓမ္မခိုင်းစေရန်အတွက် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်သွေးဆောင် ခေါ်ယူနေမှုများသည်  အိမ်နီးချင်းနိုင်ငံများတွင် ပေါများလာလျက်ရှိသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှု (Online Scam) ဟုခေါ်ဆိုသော  ငွေကြေးလိမ်လည်သည့်လုပ်ငန်းစုများသည် မြန်မာလူငယ်များစွာ၏ဘဝကို မြေစာပင်ဖြစ်စေခဲ့သည်။ အဆိုပါမိမိတို့၏ရင်ဝယ်သားလူငယ်များကို နိုင်ငံတော်မှမိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးလည်းဖြစ်သည်။ မျက်မှောက်ခေတ်တွင် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ်များ များပြားလာသည်နှင့်အမျှ လစာကောင်းကောင်း၊ အလုပ်သက်သာ ဟူသောမက်လုံးများဖြင့် လိမ်လည်သွေးဆောင်ဖြားယောင်းနေမှုများသည် လူကုန်ကူးမှုဘေးအန္တရာယ်ဆိုးတွင်းသို့ ဆွဲခေါ်နေသလိုဖြစ်နေသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ (Online Scam) အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံရသည့် မြန်မာလူငယ်များ၏ဖြစ်ရပ်အား သင်ခန်းစာရယူရန်ရည်ရွယ်သည်။ 

ဆွဲဆောင်မှုရှိသော ပိုက်ကွန်

     ကမ္ဘောဒီးယားနိုင်ငံမှပြန်လည်ရောက်ရှိလာသော  လူငယ်များ၏အတွေ့အကြုံများအရ အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းများသည် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook နှင့် Telegram တို့တွင်  အလုပ်ခေါ်စာများကို  ဆွဲဆောင်မှုရှိစွာတင်လေ့ရှိကြောင်း၊ အင်္ဂလိပ်စာ ပြောဆိုတတ်ရန်မလို၊  ဘွဲ့ရရန်မလို၊  ကွန်ပျူတာအခြေခံရှိရုံဖြင့် တစ်လလျှင် လစာ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ရမည်ဟု စည်းရုံးခဲ့ကြကြောင်းသိရှိရသည်။ အဆိုပါမက်လုံးများသည် မိမိတို့၏လူနေမှုဘဝ တိုးတက်မှုကိုရှာဖွေနေသော လူငယ်များအတွက် ရွှေရောင်အိပ်မက်တစ်ခုဖြစ်လာခဲ့သည်။  နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရမည့်အပြင် လမ်းစရိတ်အခမဲ့၊ ဗီဇာနှင့် နေစရိတ်အခမဲ့ဟူသောစကားများဖြင့် ဖြားယောင်းကာ လေကြောင်းလိုင်းမှတစ်ဆင့်သော်လည်းကောင်း၊  တာချီလိတ်မြို့  မယ်ဆိုင်တံတားမှ     နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့်လည်းကောင်း၊ မြဝတီမြို့မှမဲဆောက်သို့ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့် လည်းကောင်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး တောလမ်းများကိုဖြတ်ကာ ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ပို့ဆောင်ခံကြရသည်။ သို့သော် ထို အခမဲ့ ဆိုသည့်စကားနောက်တွင် ထိုသူတစ်ဦးချင်းစီ၏ခေါင်းပေါ်၌ ရောင်းကြေး (Bounty)များရှိနေသည်ကို ကာယကံရှင်များမသိရှိကြပေ။

အွန်လိုင်းလိမ်လည်မှု (Online Scam) ဆိုသည်မှာဘာလဲ 

     ၎င်းတို့၏ အဓိကအလုပ်မှာ အမျိုးသမီးချောလေးများ၏  ပုံကိုသုံး၍ Facebook/ Telegram တွင် အကောင့်တုများဖွင့်ခြင်း၊ နိုင်ငံခြားသားများ သို့မဟုတ် ငွေကြေးတတ်နိုင်သူများကို ချဉ်းကပ်ကာ အချစ်ရေးဖြင့်   မြှူဆွယ်ခြင်း  (Pig Butchering Scam)၊ယုံကြည်မှုရလာပါက အွန်လိုင်းမှတစ်ဆင့် ငွေတိုးရင်းနှီးမြှုပ်နှံရန်    ဖြားယောင်းပြီး  ငွေများအားလုံးကို လိမ်လည်ယူခြင်းနှင့် အခြားနည်းလမ်းများ အသုံးပြုကာ ငွေများကို လိမ်လည်ရယူခြင်းဖြစ်သည်။     

(Online Scam) အွန်လိုင်းလိမ်လည်မှုအများဆုံးကျူးလွန်သည့် ပုံစံ(၅)မျိုးမှာ -

(၁)       Application များ၊ Website အတုများ   အသုံးပြု၍ သတင်းအချက်အလက်များ  ရယူလိမ်လည်ခြင်း (Phishing Fraud)

(၂)    ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ဝန်ထမ်းအယောင်ဆောင်၍လိမ်လည်ခြင်း (Social Media and Telecommunication Fraud)

(၃)       အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်  ပြုလုပ်၍ လိမ်လည်ခြင်း (Online Romance Fraud)

(၄)       အရောင်းအဝယ်လုပ်ငန်းများ၊   ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုအကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading / Trading Plat form Fraud)

(၅)       အလုပ်အကိုင်ရရှိမည်ဟုအကြောင်းပြ၍ လိမ်လည်ခြင်း (Employment Scam)  တို့ဖြစ်ပေသည်။

လက်တွေ့ရင်ဆိုင်ရသည့်အခြေအနေ

     ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းစုများသည် ကာစီနိုရုံဟောင်းများ သို့မဟုတ် ဝေးလံသောမြို့သစ် စီမံကိန်းများရှိ အထပ်မြင့်အဆောက်အအုံများတွင်   အခြေစိုက်ကြသည်။ 

ကမ္ဘောဒီးယားနိုင်ငံ စီဟာနုဗေး(Sihanoukville)နှင့် နယ်စပ်ဒေသများသို့ ရောက်ရှိသွားသော လူငယ် များကြုံတွေ့ရသည့် အခြေအနေများမှာ ကတိများနှင့်တခြားစီဖြစ်သည်။ အလုပ်ခွင်သို့ရောက်ရှိသွားသောအခါ လူငယ်များသည် မိမိတို့ထင်မှတ်ထားသည့် ရုံးအလုပ်မျိုးမဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံရှိ စီဟာနုဗေး(Sihanoukville)၊  ဖနွမ်းပင်(Phnom Penh)နှင့် နယ်စပ်မြို့များရှိ အထပ်မြင့် အဆောက်အအုံများတွင်   ထိန်းချုပ်ခံထားရကာ(Online Scam)အွန်လိုင်းမှတစ်ဆင့်  ငွေကြေးလိမ်လည် သည့်လုပ်ငန်းတွင် လိမ်လည်ရသူ (Scammer)အဖြစ် အတင်းအဓမ္မစေခိုင်းခံရသည်။ တစ်နေ့လျှင် ၁၅ နာရီမှ ၁၈ နာရီအထိ မနားတမ်းအလုပ်လုပ်ရပေသည်။

အလုပ်သဘာဝ- လူမှုကွန်ရက်တွင် အကောင့်အတုများဖွင့်၍ ကမ္ဘာတစ်ဝန်းရှိ လူများကို ငွေကြေး ရင်းနှီးမြှုပ်နှံရန် သို့မဟုတ် အချစ်ရေးဖြင့်လိမ်လည်ရန် (Pig Butchering Scam) ခိုင်းစေခံရသည်။

ချုပ်နှောင်ခံရမှု - ခြံဝင်းအတွင်းမှ အပြင်သို့ထွက်ခွာခွင့်မရှိဘဲ လက်နက်ကိုင်လုံခြုံရေးများဖြင့် စောင့်ကြပ်ထားခြင်းခံရသည်။

နှိပ်စက်ညှဉ်းပန်းမှု - သတ်မှတ်ထားသော Target မပြည့်ပါက ရိုက်နှက်ခြင်း၊ လျှပ်စစ်ကျင်စက်ဖြင့် တို့ခြင်း၊ အစာငတ်ထားခြင်းနှင့် အဆိုးရွားဆုံးအခြေအနေဖြင့်ပြန်လည်ရောင်းချခြင်း (Reselling) များကြုံတွေ့ရနိုင်ပေသည်။ 

 ပြန်ပေးဆွဲသကဲ့သို့ ငွေတောင်းခြင်း -   အလုပ်မှ ထွက်လိုပါက လျော်ကြေးအဖြစ် ဒေါ်လာသောင်းချီ ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ခြင်းခံရပေမည်။

ကမ္ဘောဒီးယားနိုင်ငံ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း

    (Online Scam)များတွင်လုပ်ကိုင်ခဲ့ရသည့် ကိုယ်တွေ့ ကြုံရသူ၏ စကားသံ(Survivor Quote)လိုင်းပေါ်မှာလူခေါ်တဲ့ဟာတွေတွေ့တယ်။

ကျွန်မတို့သွားပြီးတော့   ဆက်သွယ်ကြည့်တော့ ဒီအလုပ်ကအလွန်ကောင်းတယ်။ တစ်လကို သိန်း ၄၀ လောက်ရမယ်။ ဘာမှမလုပ်ရဘူး Customer Service ပေးရုံပဲဆိုပြီးခေါ်ခဲ့တာ။ ဟိုမှာတစ်လကို သိန်း ၄၀ လောက်ရတယ်ဆိုပြီးတော့ သွားခဲ့တာပေါ့။ စရောက်တော့ တစ်ရက်လောက်ပေးနားတယ်။ ရောက်တဲ့အချိန်မှာ Facebook အတိုင်းပဲ IG အကောင့်တွေဖွင့်ရတယ်။ ပြီးရင် အဲဒီကနေမှ ရည်ညွှန်းတဲ့နိုင်ငံကို အင်ဒိုနီးရှားဆို အင်ဒိုနီးရှား၊ US ဆို US ပေါ့။   အဲ့လို   လူရှာပြီးတော့မှ Whatsapp ရဖို့အတွက်  ကျွန်မတို့က  တောင်းပေးရတာ။ 

ပြဿနာတွေမဖြစ်ခင်မှာ    ကျွန်မတို့က  သံရုံးကိုတိုင်မယ်ပေါ့။ သံရုံးကိုတိုင်ပြီးတော့မှ  သံရုံးကလာခေါ်ပေးတာကို       စောင့်မယ်ဆိုပြီးတော့မှ စီစဉ်ထားကြတာ။  အဲဒီကနေမှ  ကမ္ဘောဒီးယား အစိုးရက လိုက်လံဖမ်းဆီးတဲ့အခါမှာ ဖြစ်ချင်တာဖြစ်တော့  သေရင်လည်းသေပါစေ၊  ရှင်ရင်လည်း ငါတို့မြန်မာပြည်တော့ရောက်အောင်ပြန်မယ်။ ဘယ်လိုနည်းနဲ့မဆို   ဆိုပြီးတော့  အဲဒီကနေထွက်ပြေးပြီး  နီးစပ်ရာကမ္ဘောဒီးယားတွေကို မေးပြီးတော့မှ ကားငှားပြီး   သံရုံးကိုရောက်အောင်သွားခဲ့တာ။  စရောက်တော့  သံအမတ်ကြီးရော၊    ရုံးကအစ်မတွေရော အလွန်သဘောကောင်းတယ်။

အကုန်လုံးလည်း အစစအရာရာကူညီပေးတယ်။ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ အပြင်မှာတောင်မနေခိုင်းဘဲ သံရုံးထဲမှာပဲ နေဖို့ထိုင်ဖို့တွေ အစစအရာရာကျန်းမာရေးအကုန်လုံး     ဂရုစိုက်ပေးတယ်။ 

နေမကောင်းဘူးဆိုရင်လည်း ဆေးခန်းပြပေးတယ်။ အစားအသောက်ဆိုရင်လည်း သူတို့စီစဉ်နိုင်သလောက် အကုန်လုံးစီစဉ်ပေးပြီးတော့မှ အားလုံးနွေးနွေးထွေးထွေးနဲ့ဆက်ဆံပေးတယ်။ အစကနေအဆုံးထိပေါ့။

ကမ္ဘောဒီးယားနိုင်ငံ(Online Scam) အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ရသည့် မြန်မာနိုင်ငံသား လူငယ်များ၏ပြောပြချက်အရ ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းရှော့ပင်း ဈေးရောင်းလုပ်ကိုင်ရမည်၊ လုပ်ခလစာ အမေရိကန်ဒေါ်လာ ၆၀၀ ရရှိမည်၊လမ်းစရိတ်ကုန်ကျခံပို့ဆောင်ပေးမည်။ နိုင်ငံကူးလက်မှတ် စာအုပ်မရှိလည်းရသည်။ သွားရောက်မည်ဆိုပါက ကိုယ်ပိုင်အကောင့်သို့ လာရောက်ဆက်သွယ်ပါဟု ကြော်ငြာထားသည်ကိုတွေ့ရှိ၍ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ ပွဲစားဖြစ်သူ၏ Telegram  အကောင့်မှ ချိတ်ဆက်စီစဉ်ဆောင်ရွက်ပေးမှုဖြင့်  တာချီလိတ်မြို့သို့ရောက်ရှိခဲ့ကြောင်း၊ မယ်ဆိုင်တံတားမှ  နယ်စပ်ဖြတ်ကျော်ခွင့်ကတ်အားပြုလုပ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့လည်းကောင်း၊ မယ်ဆိုင်မြို့မှတစ်ဆင့် ဘန်ကောက်မြို့သို့လည်းကောင်း ကားဖြင့်သွားရောက်ခဲ့ပြီး ၎င်းမြို့မှကားဖြင့် ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါ့(KAM POT)မြို့အပြင်ဘက်ရှိ  BoKor တောင်ပေါ်ရှိ  KAMPOT-2 အမည်ရှိ ကုမ္ပဏီသို့ရောက်ရှိခဲ့ပြီး  လေးထပ်တိုက်အခန်း ၂၀ ရှိ အဆောက်အအုံတွင် နေထိုင်ခဲ့ရပြီး ကွန်ပျူတာနှင့်ဖုန်းများကိုအသုံးပြုကာ Telegram မှ အကောင့်  ၁၀၀၀ ခန့်ချပေးပြီး  အသက် ၃၅ နှစ်အထက်ရှိ   စင်ကာပူနိုင်ငံနှင့်   တရုတ်နိုင်ငံတို့၏ အမျိုးသမီးဓာတ်ပုံများအား  Profile တင်ကာ နိုင်ငံခြားသား အကောင့်များကိုရှာပေးရကြောင်း၊ နိုင်ငံခြားသားများမှ အကောင့်လာအပ်ပါက အဖွဲ့ခေါင်းဆောင်ဖြစ်သူ   နိုင်ငံခြားသားထံလွှဲပြောင်းပေးရပြီး  အဖွဲ့ခေါင်းဆောင်မှ ငွေကြေးလိမ်လည်မှုကို ဆက်လက်ပြုလုပ်ကြောင်း သိရှိရသည်။

Online Scam များတွင် လုပ်ကိုင်ခဲ့ရသူများအပေါ် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ပေးမှု မြန်မာနိုင်ငံအစိုးရအနေဖြင့်   နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့်   Online လိမ်လည်မှုများ၊   Online  လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို   အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်   အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။ Online Scam Center လုပ်ငန်းများတွင်  ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့်ဒေသတွင်းနိုင်ငံများ၊     နိုင်ငံတကာအဖွဲ့အစည်းများနှင့်   တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့်  မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိနေသည့်  နိုင်ငံခြားသားများကိုလည်း လူသားချင်းစာနာထောက်ထားမှုနှင့်     နိုင်ငံအချင်းချင်း  ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍  တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ  ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံအတွင်း  အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟုသံသယရှိသော မြန်မာနိုင်ငံသားလူငယ်များကို  ကမ္ဘောဒီးယားနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးသို့လွှဲပြောင်းပေးအပ်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတကြီး(ယခင်)နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့  ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ မြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း၊ စားသောက်နေထိုင်မှုများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ 

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားလူငယ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းစာရင်းကောက်ယူခြင်း စသည့်စိစစ်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ 

Online Scam များနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ မူဝါဒ        

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့်  အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု(Online Scam) အား  အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းရှိ    မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား Studio A ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများသည် လူအများစုအပေါ်ကျူးလွန်သည့် ကြီးလေးသည့်ရာဇဝတ်မှုများဖြစ်သည်ဟု မြန်မာနိုင်ငံအစိုးရက သတ်မှတ်ကြောင်း၊   မြန်မာနိုင်ငံအစိုးရ၏မူဝါဒသည်  Zero Tolerance Policy ဖြစ်ကြောင်း၊ နည်းနည်းလိမ်သည်ဖြစ်စေ၊   များများလိမ်သည်ဖြစ်စေ   ခွင့်လွှတ်မှုမရှိ၊   ရေဆုံးရေဖျားလိုက်လံချေမှုန်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရက    ကျင့်သုံးမည့်နည်းလမ်း (Method)သည် Aggressive CrackDowns  Method ပြင်းပြင်းထန်ထန် နှိမ်နင်းမည့်မူဝါဒဖြစ်ကြောင်း ပြတ်ပြတ်သားသား  ကြေညာထားပြီးဖြစ်သည်။ ယင်းတို့ကိုဆောင်ရွက်ရန် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့်ဖွဲ့စည်းပြီးဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင်  ပြည်ထောင်စုနယ်မြေ    အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ   တိုက်ဖျက်ရေးကော်မတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီတို့ကိုလည်း ဗဟိုကော်မတီ၏ကြီးကြပ်မှုဖြင့်ဖွဲ့စည်းပြီးဖြစ်သည်။   နိုင်ငံတော်အစိုးရ၏  အုပ်ချုပ်မှုယန္တရားအလှမ်းမမီတဲ့ လက်နက်ကိုင်သောင်းကျန်းသူအချို့ရဲ့ နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများက စိမ့်ဝင်လာပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ဆက်စပ်ရာဇဝတ်မှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် ဒီပြဿနာကို ရိုးရိုးသာမန် ရာဇဝတ်မှုများလိုသဘောမထားဘဲ     ပြတ်ပြတ်သားသား နှိမ်နင်းခဲ့ပြီး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း ရေးဆွဲခြင်း၊ တရားမဝင်ရောက်ရှိလုပ်ကိုင်နေသည့် နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်းပေးခြင်း၊ ပြည်တွင်းပြည်ပအဓိကတရားခံများအား ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ 

ကြိုတင်ကာကွယ်ခြင်းနှင့်    လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ

      လူကုန်ကူးမှုသည် နည်းလမ်းအမျိုးမျိုးဖြင့် ပုံစံပြောင်းလာတတ်သဖြင့် တစ်ဦးတစ်ယောက်ချင်းနှင့် အဖွဲ့အစည်းအလိုက် ပူးပေါင်းကြိုတင်ကာကွယ်ရမည့်အပြင် Online Scam များတွင် လုပ်ကိုင်ရခြင်းနှင့် နောက်ဆက်တွဲလူကုန်ကူး မခံရစေရေးအတွက် လူကုန်ကူးမှုဆီသို့    ဦးတည်ဖြစ်ပေါ်စေနိုင်သည့် ပြည်ပသို့တရားမဝင် ထွက်ခွာမှုများကို ထိန်းချုပ်နိုင်ရေးအတွက်    တရားမဝင်ပို့ဆောင်သူများကို စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိသည်။ လူကုန်ကူးသူလူပွဲစားများကိုလည်း  စုံစမ်းဖော်ထုတ်၍ ထိရောက်ပြစ်ဒဏ်ရရှိရေး တရားစွဲဆိုနိုင်ခဲ့ပြီး  လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့်လည်း အောက်ပါလုပ်ငန်းတာဝန်များကို ချမှတ်ဆောင်ရွက်လျက်ရှိသည်-

(က)   လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ဤဥပဒေပါ  ရည်ရွယ်ချက်များကို  ထမြောက် အောင်မြင်စွာ အကောင်အထည်ဖော်ရေး  အတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ခြင်း၊

(ခ)    ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုရန် လုပ်ငန်းကော်မတီများ၊ ဒေသဆိုင်ရာ တားဆီးကာကွယ်ရေးအဖွဲ့များနှင့် တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့အား လမ်းညွှန်ခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း၊

(ဂ)   လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်နှိမ်နင်းရေးတို့ကို ထိရောက်စွာဆောင်ရွက်  နိုင်ရန်  သုတေသန လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် လည်းကောင်း၊ လိုအပ်သည့်အခြေခံ အချက်အလက်များ   ရရှိနိုင်ရေးအတွက်လည်းကောင်း   ကျွမ်းကျင်သူများပါဝင်သည့် သုတေသနလုပ်ငန်းအဖွဲ့များ၊ လေ့လာစိစစ်ရေးနှင့် အကဲဖြတ်အဖွဲ့များ၊ အခြားလိုအပ်သော  အဖွဲ့များဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊

(ဃ)     လူကုန်ကူးမှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့်သတိပြုလာစေရေးအတွက်    အသိပညာပေးအစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးခြင်း၊

(င)       လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ တားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့ဝင်များနှင့် တားဆီးနှိမ်နင်းရေးအရာရှိများအား ခေတ်မီနည်းပညာများဖြင့် လေ့ကျင့်သင်ကြားရေး၊အခြားနိုင်ငံများမှ ကျွမ်းကျင်သူများနှင့် နည်းပညာဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက်လမ်းညွှန်ခြင်း၊

(စ)    လူကုန်ကူးမှုများလျော့နည်းပပျောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေးစီမံချက်များ၊ အစီအစဉ်များချမှတ်ရာ တွင် သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်  ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊           

(ဆ)  နိုင်ငံဖြတ်ကျော်၍  တရားမဝင်ရွှေ့ပြောင်း သွားလာမှုနှင့်ဆက်စပ်ပြီး ပေါ်ပေါက်လာသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး /နှိမ်နင်းရေးတို့နှင့် စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများမှ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအာဏာပိုင်များအချင်းချင်း   သတင်းဖလှယ်ခြင်းနှင့်  ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဇ)     လူကုန်ကူးခံရသည့် အမျိုးသား/အမျိုးသမီး၊ လိင်ဝိသေသထူးခြားသူများနှင့် ကလေးသူငယ်များ၏ ကာယိန္ဒြေစောင့်ထိန်းမှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် ယင်းတို့၏ အကျိုးအတွက် အလေးဂရုပြု ဆောင်ရွက်ခြင်း၊

(ဈ)      ဤဥပဒေအရ ရန်ပုံငွေတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့် စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့်ကြီးကြပ်ခြင်း၊

(ည) လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များတွင် တရားခံလွှဲပြောင်းရေးနှင့် နိုင်ငံအချင်းချင်းအကူအညီပေးရေးတို့ကိုတည်ဆဲဥပဒေနှင့်အညီ  ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊   ပြည်ပရှိအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဋ)  ဤဥပဒေအရ တရားမစွဲဆိုမီ  သက်သေခံအဖြစ်သိမ်းဆည်းထားသော မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို လိုအပ်ပါက ချိပ်ပိတ်ထားရန်နှင့် ခံဝန်ဖြင့်ပြန်လည်ပေးအပ်ထားရန် ညွှန်ကြားခြင်း၊

(ဌ)       ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများတွင်ရှိသော  ငွေကြေး၊ ပစ္စည်း  သို့မဟုတ် အခြားအကျိုးအမြတ်များကို တစ်နည်းနည်းဖြင့်   လွှဲပြောင်းခြင်းမပြုရန် တားမြစ်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးကြည့်ရှုခြင်း၊ မိတ္တူကူးယူခြင်းနှင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်းပြုရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊

(ဍ)       လူကုန်ကူးမှုနှင့်ဆက်စပ်ပြီး ပေါ်ပေါက်လာသော အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်နှင့် ငြိစွန်းသည့်ပြစ်မှုများကို လည်းကောင်း၊ လူကုန်ကူးခံရသူအား စိစစ်ပြီး ၎င်းအား အရေးယူခြင်းမှ  ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် အရေးယူရန်ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊

(ဎ)       လူကုန်ကူးခံရသူများကို   ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့်အကူအညီ‌ပေးရေး လုပ်ငန်းများအတွက် အစီအမံများချမှတ်ပေးခြင်း၊

(ဏ)  လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းများနှင့်သက်ဆိုင်သော  လုပ်ထုံးလုပ်နည်းများ  (Standard Operating Procedures -  SOP)ကို ထုတ်ပြန်သတ်မှတ်ခြင်း၊

(တ)     လူကုန်ကူးမှုများတားဆီး ကာကွယ်ရေး နှင့် နှိမ်နင်းရေးလုပ်ငန်းများ အတွက်လည်းကောင်း၊   လူကုန်ကူးခံရသူများအား ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အကူအညီ ပေးရေး၊   ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး  လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း  လိုအပ်ပါက ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာအစိုးရဌာန၊   အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ထ) လူကုန်ကူးမှုကျူးလွန်သူ တရားခံများကို တရားခံလွှဲပြောင်းရေး ဥပဒေနှင့်အညီ လွှဲပြောင်းရေးအတွက် လည်းကောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာ  အဖွဲ့ဝင်နိုင်ငံများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဒ)       ဤဥပဒေအရ စုံစမ်းစစ်ဆေးပြီး အရေးယူသောပြစ်မှုတွင် သတင်းပေးသူနှင့်  စုံစမ်းစစ်ဆေး အရေးယူမှုတွင် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက်သည့် ပုဂ္ဂိုလ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆုချီးမြှင့်နိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊

(ဓ)       ဗဟိုအဖွဲ့၏  ပုံမှန်အစည်းအဝေးနှင့်    အထူးအစည်းအဝေးများကို သတ်မှတ်ချက်များနှင့် အညီ ကျင်းပခြင်း၊

(န)       ဗဟိုအဖွဲ့၏  လုပ်ငန်းတာဝန်များဆောင်ရွက်မှုနှင့်စပ်လျဉ်း၍   ပြည်ထောင်စုအစိုးရအဖွဲ့သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်း၊

(ပ)       ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊

 

ဘေးကင်းစေရန် မည်သို့ကာကွယ်ရမည်နည်း 

      ဤကဲ့သို့ လူကုန်ကူးမှုဆိုသည့် ငရဲကျင်းအတွင်းမကျရောက်စေရန် လူငယ်များနှင့် မိဘအုပ်ထိန်းသူများအထူးသတိပြုရန်လိုအပ်ပေသည်။ လွယ်ကူလွန်းသော အခွင့်အရေးကိုသံသယရှိပါ။ အရည်အချင်းမလိုဘဲ လစာအဆမတန်များနေသည့်  အလုပ်မှန်သမျှသည် ထောင်ချောက်ဖြစ်ရန်  ၉၉  ရာခိုင်နှုန်းသေချာပါသည်။  အွန်လိုင်းပေါ်မှအလုပ်ခေါ်စာများ  Social Media(Facebook, Telegram,  TikTok)များမှတစ်ဆင့် ချိတ်ဆက်လာသောအလုပ်များကို ပိုမိုသတိထားပါ။   ပြည်ပသို့ ထွက်ခွာမည်ဆိုပါက တရားဝင်လမ်းကြောင်းကိုသာ အသုံးပြုပါ။ ပြည်ပသို့အလုပ်သွားလုပ်မည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရထားသော အေဂျင်စီများမှတစ်ဆင့်သာ သွားရောက်ပါ။ ခရီးစဉ်အသေးစိတ်ကိုစုံစမ်းပါ။   မည်သည့်မြို့၊ မည်သည့်ကုမ္ပဏီတွင် လုပ်ရမည်ကို  ကြိုတင်စုံစမ်းပြီး မိသားစုထံလိပ်စာနှင့်  ဖုန်းနံပါတ်များအားပေးထားပါ။   ဆက်သွယ်သတင်းပေးတိုင်ကြားနိုင်မည့်  သက်ဆိုင်ရာတပ်ဖွဲ့၊ ဌာနများ၏ Help Line/ Hot Line ဖုန်းနံပါတ်များကို မှတ်သားသွားပါ။  နိုင်ငံကူးလက်မှတ်(Passport)၊ နိုင်ငံသားစိစစ်ရေးကတ်နှင့်   အရေးကြီးသော ကိုယ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို  ကိုယ်နှင့်မကွာထားပါ။  မည်သည့်အလုပ်ရှင်ဖြစ်စေ  နိုင်ငံကူးလက်မှတ်၊   နိုင်ငံသားစိစစ်ရေးကတ်ကို သိမ်းဆည်းထားပိုင်ခွင့်မရှိပါ။

အချုပ်ဆိုရသော်  အွန်လိုင်းလိမ်လည်မှု (Online Scam) ဆိုသည်မှာ  တစ်ဦးတစ်ယောက်ချင်းစီ၏ ဘဝကိုသာမက မိသားစုပေါင်းများစွာကိုပါ  ပူလောင်စေသည့်ငရဲကျင်းတစ်ခုဖြစ်သည်။ ရည်ရွယ်ချက်ကို ဖုံးကွယ်၍ သွေးဆောင်ခေါ်ယူနေသော အလုပ်ခေါ်စာများကြောင့် ဖြစ်ပေါ်လာသော  ရွှေရောင်အိပ်မက်များနောက်သို့ မစဉ်းစားမဆင်ခြင်လိုက်ပါသွားခြင်းသည် မိမိကိုယ်မိမိ သေတွင်းထဲသို့ ခုန်ဆင်းခြင်းနှင့်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မိမိ၏ဘဝအနာဂတ်ကို တန်ဖိုးထားသောလူငယ်များ အနေဖြင့် သတင်းအချက်အလက်များကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး သတိ၊ ဝီရိယဖြင့် ဆင်ခြင်တုံတရားရှိရှိ ရွေးချယ်ကြပါရန်နှင့် မသေချာသောရွှေရောင်အိပ်မက်များနောက်သို့ မျက်စိမှိတ်မလိုက်ပါရန်  အရေးကြီးသည်။ အွန်လိုင်းလိမ်လည်မှု (Online Scam)လုပ်ငန်းများနှင့် ဆက်နွှယ်ဖြစ်ပေါ်လာသော လူကုန်ကူးခံရမှုသည် လူသားတို့၏ဘဝနှင့်ဂုဏ်သိက္ခာကိုဖျက်ဆီးနေသည့် လုပ်ငန်းများဖြစ်သဖြင့် မြန်မာလူငယ်များအနေဖြင့် မှန်ကန်သောလမ်းကို အသိ/သတိဖြင့် ရွေးချယ်လျှောက်လှမ်း နိုင်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။    ။

MWD