တရုတ်ရေတပ်၏ အံ့ဖွယ်အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းနှင့်အတူ ပင်လယ်ပြင်စိုးမိုးနိုင်မည့် အလားအလာ (၂)
Posted_Date
Image
Body
ခါးသက်သော အမှတ်တရများကို အဆုံးသတ်မည့် ရေတပ်
CSIS (နိုင်ငံတကာနှင့် မဟာဗျူဟာ လေ့လာရေးစင်တာ) ၏ လေ့လာမှုတစ်ရပ်အရ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သင်္ဘောကျင်းကြီး ၄ ခုဖြစ်သော ဒါလီယန်၊ ကွမ်ကျိုး၊ ကျန်းနန်း နှင့် ဟူဒုံ-ကျုံးဟူဝ သင်္ဘောကျင်းတို့မှ တန်ချိန် စုစုပေါင်း ၅၅၀,၀၀၀ ရှိသည့် စစ်သင်္ဘော ၃၉ စီးကို တည်ဆောက်ခဲ့သည်။ ဤပမာဏသည် UK ၏ Royal Navy တွင် ရှိသော စစ်သင်္ဘောအားလုံး၏ စုစုပေါင်း တန်ချိန် (၃၉၉,၀၀၀ တန်) ထက်ပင် ပိုမိုများပြားပါသည်။
သင်္ဘောအရေအတွက်အားဖြင့် တရုတ်တွင် ကမ္ဘာ့အကြီးဆုံး ရေတပ်ရှိသော်လည်း၊ အမေရိကန်၏ ရေတပ်ကမူ စုစုပေါင်း တန်ချိန်အားဖြင့် ပိုမိုများပြားပြီး လေယာဉ်တင်သင်္ဘောကြီးများ အမြောက်အမြား ပိုင်ဆိုင်ထားသောကြောင့် စစ်ရေးအရ ပိုမိုအားကောင်းပါသည်။
သို့ရာတွင် တရုတ်သည် နောက်မှအမှီလိုက်ရန် အရှိန်အဟုန်ဖြင့် ကြိုးပမ်းနေပြီဖြစ်သည်။ CSIS မှ Alexander Palmer က “တရုတ်တို့ အရှိန်လျှော့လုပ်ဆောင်နေကြသည်ဟူသော လက္ခဏာကို မတွေ့ရပါ” ဟု ပြောကြားခဲ့သည်။ ၎င်းသည် “Unpacking China's Naval Buildup” အစီရင်ခံစာ၏ ရေးသား သူလည်း ဖြစ်သည်။
“သင်္ဘောအရေအတွက်သည် ရေတပ်၏ ထိရောက်မှုကိုတိုင်းတာရန် တစ်ခုတည်းသော စံချိန်စံညွှန်း မဟုတ်ပေ။ သို့သော် စစ်သင်္ဘောများကို ထုတ်လုပ်နိုင်စွမ်းသည် အလွန်အထင်ကြီးစရာကောင်းပြီး နိုင်ငံတကာမဟာဗျူဟာအပေါ် သက်ရောက်မှုရှိနိုင်ပါသည်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တရုတ်ရေတပ်၏တိုးတက်မှုတွင် ကန့်သတ်ချက်များရှိနေဆဲဖြစ်သည်။ တရုတ်တွင် သင်္ဘောအရေ အတွက် ပိုများကောင်းများနိုင်သော်လည်း လက်ရှိအချိန်တွင် လေယာဉ်တင်သင်္ဘော ၂ စီးသာ လည်ပတ် နိုင်စွမ်းရှိပြီး ရေငုပ်သင်္ဘောအရေအတွက်မှာ အမေရိကန်ထက် သိသိသာသာနည်းပါးနေဆဲ ဖြစ်သည်။
လေ့လာသုံးသပ်သူအချို့က တရုတ်၏ရေငုပ်သင်္ဘောများသည် အမေရိကန်တို့ကဲ့သို့ နည်းပညာအရ ခေတ်မမီသေးဟု ငြင်းခုံလျက်ရှိကြပြီး အမေရိကန်တို့တွင် စစ်အေးတိုက်ပွဲ ခေတ်ကတည်းက နည်းပညာ အသာစီးရှိခဲ့ခြင်းဖြစ်သည်။
တရုတ်၏ရေငုပ်သင်္ဘောအများစုသည် ရေတိမ်ပိုင်း တောင်တရုတ်ပင်လယ်အတွက် အဓိက တည်ဆောက် ထားခြင်းဖြစ်ပြီး၊ တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်နှင့်တရုတ်သည် ကြောင်နှင့်ကြွက် ကစားပွဲကဲ့သို့ ပြိုင်ပွဲကို စတင်ဆင်နွှဲနေပြီဖြစ်သည်။ လက်ရှိအချိန်တွင် တရုတ်၏ မိမိကမ်းရိုးတန်းမှ ဝေးရာသို့စွမ်းဆောင်နိုင်စွမ်းသည် ကန့်သတ်ချက်ရှိနေဆဲဖြစ်သည်။ သို့သော် ထိုအခြေအနေသည် လျင်မြန်စွာပြောင်းလဲနေပြီဟူသော လက္ခဏာများ ရှိနေပါသည်။
တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံ၏ ကျွန်းပြည်နယ်ဖြစ်သော ဟိုင်နန်ကို ရိုက်ကူးထားသော BBC မှအတည်ပြုရရှိ ထားသည့် ဂြိုဟ်တုပုံရိပ်များအရ၊ တရုတ်သည် ၎င်း၏ရေတပ်စခန်းများတိုးချဲ့ရန်အတွက် ရန်ပုံငွေ များကို သိသိသာသာ စိုက်ထုတ်သုံးစွဲနေကြောင်း ဖော်ပြနေပါသည်။
ယူလင်း (Yulin) ရှိ စခန်းတွင် လွန်ခဲ့သော ငါးနှစ်အတွင်း တည်ဆောက်ခဲ့ဟန်ရှိသော ဆိပ်ကမ်းအသစ် ငါးခု ရှိသည်။ တရုတ်သည် ၎င်း၏ အကြီးဆုံး ရေငုပ်သင်္ဘောများဖြစ်သော Jin-class (သို့မဟုတ် Type 094) အားလုံးကို ထိုဆိပ်ကမ်းတွင် အခြေစိုက်ရန် စီစဉ်နေသည်ဟု ယူဆရသည်။ အဆိုပါ ရေငုပ်သင်္ဘောအသစ်များသည် နျူကလီးယားဒုံးကျည် ၁၂ ခုစီ တင်ဆောင်နိုင်သည်။
တရုတ် လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသော လေ့ကျင့်မှုများ၏ ဓာတ်ပုံများနှင့် ဗီဒီယိုများအရ ကြီးမားသော တော်ပီဒိုများနှင့် တူသော ရေငုပ်ဒရုန်းများ အနည်းဆုံးနှစ်မျိုးသည် လာမည့်သီတင်းပတ် တွင် ကျင်းပမည့် စစ်ရေးပြပွဲတွင် ပြသမည့်စနစ်သစ်များထဲမှ တစ်ခုဖြစ်လိမ့်မည်ဟု ညွှန်းဆိုနေ သည်။ ၎င်းတို့သည် တရုတ်အား နက်ရှိုင်းသောရေအောက်တွင် စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ရန် နှင့် အခြားရေငုပ်သင်္ဘောများ သို့မဟုတ် ရေအောက်ကြိုးများကိုပင် ၎င်း၏ရေတပ်အား အန္တရာယ် မဖြစ်စေရန် ရှာဖွေဖော်ထုတ်နိုင်စေမည်ဖြစ်သည်။
CSIS ၏ China Power Project မှ Matthew Funaiole က နည်းပညာအများအပြားသည် စမ်းသပ်အတည်ပြုခံရဆဲဖြစ်ပြီး ၎င်း၏ စွမ်းဆောင်ရည်များပေါ်ထွက်လာမည့် အချိန်ကာလသည် လည်း မရှင်းလင်းသေးကြောင်း သတိပေးပြောကြားခဲ့သည်။ “အဓိက မေးခွန်းက ထိုနည်းပညာ ရင့်ကျက် ပြည့်စုံရန် မည်မျှကြာမည်နည်းဆိုသည့်အချက်ပင် ဖြစ်သည်” ဟု ၎င်းကဆိုသည်။
ထို့ကြောင့်ပင်လျှင် အမေရိကန်အတွက် တရုတ်၏ သင်္ဘောတည်ဆောက်မှုစွမ်းရည်မှ ပေါ်ပေါက် လာသော ခြိမ်းခြောက်မှုကို လျစ်လျူရှု၍မဖြစ်နိုင်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
အတိတ်၏နာကျင်မှုများကို ယနေ့တိုင်ခံစားနေရဆဲဖြစ်သော ပါတီတစ်ခုက နိုင်ငံ၏ကြီးမားကျယ်ပြန့် သော ရေတပ်တည်ဆောက်မှုကိုတွန်းအားပေးလျက်ရှိပြီး၊ ၎င်း၏ သစ္စာစောင့်သိမှု၊ အာဏာနှင့် မျိုးချစ်စိတ်ဓာတ်ဆိုင်ရာ သတင်းစကားကိုခိုင်မာစေရန် ထိုနာကျင်မှုများကို အသုံးချရန် အလွန် ဆန္ဒရှိနေရှိသည်။ ဂျပန်ကိုအောင်နိုင်ခဲ့ခြင်းနှင့် ၎င်း၏ ရက်စက်သောသိမ်းပိုက်မှု အဆုံးသတ်ခြင်းကို အထိမ်းအမှတ်ပြုရန် ကြီးမားသောစစ်ရေးပြပွဲကြီးကျင်းပခြင်းသည် ယင်းအတွက် သက်သေပြချက် တစ်ရပ်ဖြစ်သည်။
နိုင်ငံတကာက တရုတ်၏စီးပွားရေးတိုးတက်မှုကို ကြည့်ရှုသည့်အမြင်နှင့် မတူညီဘဲ ရှီကျင့်ဖျင်သည် ယခုဖြစ်ပေါ်နေသော အခြေအနေကို နိုင်ငံတော်၏ ဂုဏ်သိက္ခာ ပြန်လည်ရရှိခြင်းအဖြစ် သတ်မှတ် ထားသည်။
၎င်းက “နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် အင်အားကောင်း သည့် ရေတပ်” ၏ တန်ဖိုးကို အသားပေး ပြောဆိုခဲ့သည်။ ၁၈၄၀ နှင့် ၁၉၄၉ ကြားက ချီတက်တိုက်ခိုက်မှု ၄၇၀ ခန့်သည် “ပြောမပြနိုင်သည့် ဒုက္ခဆင်းရဲ” များကို ယူဆောင်လာခဲ့သည်ဟု ၎င်းက ရည်ညွှန်း ပြောဆိုခဲ့သည်။ တစ်ချိန်က အင်အားကြီးခဲ့သော Qing အင်ပါယာ ပြိုကွဲချိန်တွင် တရုတ်သည် ကစဉ့် ကလျားအခြေအနေ၊ တော်လှန်ရေးနှင့် ပြည်တွင်းစစ်အတွင်း နစ်မြုပ်သွားခဲ့ရသည်။
ထို့အပြင် ၎င်း၏နိုင်ငံသည် နောက်ထပ် “အရှက်ရစေခြင်း” သို့မဟုတ် “ထိုပြည်ပကျူးကျော် တိုက်ခိုက် မှုဆိုင်ရာ ခါးသက်သော အမှတ်တရများ” ကို ထပ်မံကြုံတွေ့ရမည် မဟုတ်ဟု ၎င်းကကြေညာခဲ့သည်။
တရုတ်တွင် ငြင်းမရနိုင်သော သာလွန်ကောင်းမွန်သည့်အချက်မှာ သင်္ဘောကျင်းများ၏ နှစ်မျိုးသုံး ဝန်ဆောင်မှုပင်ဖြစ်သည်။ စီးပွားရေးထုတ်လုပ်မှုကို ပံ့ပိုးပေးသည့် သင်္ဘောကျင်းအများအပြားသည် ရေတပ်အတွက် စစ်သင်္ဘောများ တည်ဆောက်ရန်အတွက်လည်း ကူညီပေးနိုင်သည်။ စစ်ဘက်နှင့် အရပ်ဘက် သင်္ဘောကျင်းအချို့သည် တစ်ချို့နေရာများတွင် လက်တွဲအလုပ်လုပ်ကြပြီး၊ ၎င်းကို နိုင်ငံပိုင် မီဒီယာများက “စစ်ဘက်-အရပ်ဘက် ပေါင်းစည်းမှု” အဖြစ် ဖော်ပြကြသည်။ဤသည်မှာ ရှီကျင့်ဖျင်က အပြင်းအထန်အားပေးတိုက်တွန်းခဲ့သော အတွေးအခေါ်တစ်ခုဖြစ်သည်။
ပေကျင်းအစိုးရက " စံနမူနာပြသင်္ဘောကျင်း" အဖြစ် အသိအမှတ်ပြုထားသော ဒါလီယန်သင်္ဘောကျင်း သည် အဆိုပါလုပ်ငန်းစဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
(ဆက်လက်ဖော်ပြသွားပါမည်)
BBC တွင် ဆောင်းပါးရှင် Laura Bicker ရေးသားသည့် China's huge navy is expanding at breakneck speed - will it rule the waves? အား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
